2 3 4 5 6 7 8 9 10

Sunday, January 17, 2016

ကြယ်ကြွေည၏ လွမ်းပုံပြင် ( နန္ဒာသိန်းဇံ )

ဒီည..

ကြယ်ကြွေတာကို မြင်လိုက်မိသလိုပဲ..
ငါလေ သူ့ကို ချစ်မြတ်နိုးလွန်းလို့ သူ့ခန္ဓာကိုယ်နေရာ
အနှံ့မှာ ငါ့နာမည်တွေ ရေးထိုးပေးခဲ့မိတယ်..။
သူနဲ့တွေ့တိုင်းပဲပေါ့။ ငါ့စိတ်ဝေဒနာတွေထဲက 
ချစ်ခြင်းမေတ္တာကို အသုံးပြုပြီး ရေးထိုးထားတဲ့ ငါ့လတ်မှတ်တွေ 
သူ့ခန္ဓာနေရာအနှံ့မှာ နက်နက်ရှိုင်းရှိုင်းထင်နေတာ
ငါပဲမြင်နိုင်တာပေါ့..။ သူဟာ လိမ္မာတယ်..၊ 
သူ့ဟာ တတ်သိတယ်၊ သူဟာ သန့်စင်တယ်ဆိုတဲ့ 
ခံစားချက်နဲ့သူဟာ ငါ့ရဲ့  ကိုယ်ပွားတစ်ခု ဖြစ်ခဲ့ပါတယ်

အခု.သူ..
သူ့ခန္ဓာကိုယ်ကို “ရွှေ”လို့ခေါ်တဲ့ သတ္တုပစ္စည်းတွေ၊ 
“စိန်”လို့ခေါ်ကြတဲ့ မီးသွေးအမျိုးအစားတွေ၊ အနီအစိမ်း 
ကျောက်ခဲအမျိုးမျိုးတွေကို ပိုင်ဆိုင်တဲ့ သူထံမှာ 
ရောင်းစားပစ်လိုက်တယ်..။ဈေးပေါပေါနဲ့ သူ့ဘ၀ကို 
ရောင်းစားတယ်လို့ထင်တယ်..။
ငါ့အမြင်မှာတော့ ရွှေတို့ စိန်တို့ဆိုတဲ့ ပြောင်ပြောင်လက်လက် 
သတ္တုတွေ၊ ကျောက်ခဲတွေဟာ တန်ဘိုးရှိတယ်လို့  မမြင်ပါဘူး..။ 
ငွေစက္ကူနဲ့ တန်ဘိုးဖြတ်ကြည့်ရင်လည်း ငါလက်မှတ်ထိုးထားတဲ့ 
“ကြယ်တွေစုံတဲ့ည” Starry Night ပန်းချီကားတစ်ချပ်က ရတဲ့ 
တန်ဘိုးကို မမှီပါဘူး..။



သန့်စင်တဲ့ ငါ့စိတ်၊ ငါ့ဝေဒနာကနေ ငါ့ဘ၀ ကိုယ်ပွားအဖြစ် 
ဖန်တီးထားတဲ့ ပန်းချီကားမှာ Vincent လို့ ရေးထိုးလိုက်ရင် 
ရွှေတွေ၊ စိန်တွေထက် တန်ဘိုးရှိစမြဲပါ..။ 
 တန်ဘိုးမဖြတ်နိုင်လောက်အောင်တောင်
ငါ့လက်မှတ်နဲ့ ပန်းချီကားတွေဟာ တန်ဘိုးမြင့်ခဲ့ကြတယ် ..။
( * ၁၉၈၇ ခုနှစ်က ဗင်းဆင့်ဗင်ဂိုး၏ “အိုင်းရစ်ပန်း” 
ပန်းချီကားကို ဒေါ်လာ ၅၃.၉ သန်းဖြင့် ရောင်းချခဲ့သည် )

အခု…သူ့ ကိုဝယ်တဲ့သူက သူ့ခန္ဓာကိုယ်အပေါ်မှာ 
ပြောင်ပြောင်လက်လက်ပုံစံ အမျိုးမျိုးဖြစ်နေတဲ့ သတ္တုတွေ၊ 
ကျောက်ခဲတွေ တပ်ဆင်ပေးထားတယ်။ ချစ်ခြင်းတွေ၊ 
မြတ်နိုးခြင်းတွေနဲ့ ငါရေးထိုးပေးလိုက်တဲ့
ငါ့လက်မှတ်ကလေးတွေဟာ သူ့ကို ပိုင်တဲ့သူရဲ့ အပွေ့အဖက် 
ဇောရမက်တွေ ကြားမှာ မှုန်ဝါးပျောက်ကွယ်ကုန်ကြပြီ..။

ပြောင်ပြောင်လက်လက် သတ္တုတွေ၊ ကျောက်ခဲတွေဟာ 
လူတွေကို သာယာမှုပေးနိုင်တယ်ထင်ရပေမယ့်
ဒါတွေကြောင့်ပဲ လူတွေဟာ တစ်ဦးနဲ့ တစ်ဦး ချစ်ကြမုန်းကြ၊ 
လုကြယက်ကြ၊ သတ်ကြဖြတ်ကြ၊ စိတ်ဝမ်းကွဲကြ၊ ကြောင့်ကြ
စိုးရိမ်ကြနဲ့ မငြိမ်းမချမ်းတွေ ဖြစ်ကြရတယ်..။ 
ဒါပေမယ့် ငါ့ရဲ့ ကြယ်တွေစုံတဲ့ည Starry Night ကတော့
လူတွေကို ငြိမ်းချမ်းစေတယ်။ လှလှပပ တွေးစေတယ်..၊ 

ပြေပြေလွင်လွင်မြင်စေတယ်။ ရှေ့ကို လျှောက်တဲ့လမ်း 
မပျောက်စေဖို့ အမြဲညွှန်ပြနေတယ်..။

ငါလက်မှတ်ထိုးထားတဲ့..ငါ့စိတ် ငါ့ယုံကြည်ချက် 
ငါ့စေတနာက ဖြစ်ပေါ်လာတဲ့ ငါ့ရဲ့ကိုယ်ပွား ငါ့ပန်းချီကားဟာ 
တန်ဘိုးမြင့်တယ်လို့ ငါယုံတယ်…။ ငါ့ရဲ့ ရင်တွင်းကလာတဲ့ 
မေတ္တာဟာလည်း တန်ဘိုးမဖြတ်နိုင်ဘူးလို့ ငါယုံတယ်..။ 
ငါ့ပန်းချီကား ..
ငါ့ကိုယ်ပွားဟာ အပေါစား ရောင်းကုန်ပစ္စည်း မဟုတ်ဘူး…။

Vincent van gogh
(ဗင်ဂိုးကို တမ်းတခြင်း….မှ )
နန္ဒာသိန်းဇံ


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>