2 3 4 5 6 7 8 9 10

Sunday, June 21, 2015

အိမ်ရဲ့အရိပ်

အိမ်ရဲ့အရိပ်


ထမင်းစားဝိုင်းက
လစ်လပ်နေတဲ့ သမီးနေရာလေးကို ငေးလို့
သမီးအကြောင်းတွေတွေးရင်း
အထီးကျန်နေပြီလား ... ဖေဖေ ။

အိမ်ရဲ့အဝေးမှာ
အဖေ့လက်တစ်စုံလို
အပြည့်အဝ ခိုလှုံလို့ရနိုင်တဲ့နေရာ
ဘယ်မှာမှရှာမတွေ့ခဲ့ဘူး ... ။

ကော်ပတ်တစ်ခုလို ကြမ်းတမ်းနေတဲ့
ဖေဖေ့လက်တွေဟာ
အနစ်နာခံခြင်း အကြောင်း
တစေ့တစောင်း ပြောပြနေကြတယ် ... ။

အဖေ့ပိုက်ဆံအိတ်ထဲမှာ ...
အရောင်မှိန်မှိန် မိသားစုဓာတ်ပုံလေးနဲ့
သမီးအကြောင်း အမှတ်တရတွေသာရှိခဲ့ ... ။

အဖေ့လွယ်အိတ်လေးထဲမှာ ...
ခပ်နွမ်းနွမ်း ဗလာစာအုပ်တွေနဲ့
အဖြူရောင် စေတနာတွေသာရှိခဲ့ ... ။

ဖေဖေ ...
မြေဖြူတစ်တောင့်ကို လက်မှာဆုပ်ကိုင်ပြီး
ဘဝ အခက်အခဲတွေထဲ
တိုက်ပွဲဝင်ခဲ့သူ ... ။

ဖေဖေ ...
သမီးဘဝကို အကောင်းဆုံး မြှင့်တင်ဖို့
ကိုယ့်ဘဝကိုယ် ချနင်းခဲ့တဲ့သူ ... ။

ဖေဖေ ...
အေးစက်နေတဲ့ညတွေမှာ
အနွေးဆုံးစောင်တစ်ထည်ထက်
သမီးအပြုံးကိုပဲ ခြုံချင်ခဲ့တဲ့သူ ... ။

ဖေဖေရေ ...
အခုအချိန်တွေမှာ
လစ်လပ်နေတဲ့ သမီးနေရာလေးကို ငေးလို့
အထီးကျန်နေပြီလား ... ။

သမီးအတွက်တော့
အိမ်ရဲ့အဝေးမှာ
ဖေဖေ့လက်တစ်စုံလို
အပြည့်အဝ ခုံလှုံနိုင်တဲ့နေရာ
ဘယ်မှာမှရှာမတွေ့ခဲ့ပါဘူး ... ။

ကောင်မလေး 13



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>