2 3 4 5 6 7 8 9 10

Sunday, June 15, 2014

အဖေသို့ လွမ်းချင်း



           လူတိုင်းလိုလို အဖေရှိခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီအဖေနဲ့  အတူတကွနေခွင့်ရတဲ့သူတွေ ရှိသလို၊ နေခွင့်မရကြတဲ့သူတွေလည်း ရှိပါတယ်။ တစ်ချို့ ကြတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ကအဖေကို စွန့် ခွာထားရစ်ခဲ့တာမျိုးလည်းရှိတယ်။ တမလွန်ကနေ စောင့်ရှောက်နေတဲ့ အဖေမျိုးလည်းရှိတယ်။ ကွယ်ရာကနေ လွမ်းမိုးစွေရတဲ့ အဖေမျိုးလည်း ရှိပါတယ်။ အဲဒီ အဖေတွေအားလုံးကို သတိရတမ်းတ လွမ်းဆွတ်တဲ့ စာလေးတစ်ပုဒ် ရင်ထဲမှာ ခံစားဖြစ်ပေါ်လာတဲ့အတွက် စာမျက်နှာပေါ် ရေးတင်လိုက်မိ ပါတယ်။ အဖေလွမ်းသူများ အလွမ်းပြေကြပါစေ။

အဖေသို့ လွမ်းချင်း

လွမ်းတယ်အဖေ
ဟိုး အဝေးတစ်နေရာမှာ
အဖေရှိတယ်ဆိုတာ အသေအချာသိပေမယ့်
တွေးမိတိုင်းကြေကွဲ... ၀မ်းနည်း..တမ်းတ..
သတိရနေဆဲပါ အဖေ...။

အဖေ့ရဲ့  အကြင်နာမေတ္တာ
စေတနာ ဂရုဏာတွေကို
ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက
ထိတွေ့ ခံစား နှလုံးသားမှာ
မှတ်သားစွဲငြိ သတိရနေဆဲပါ အဖေ...။



မှတ်မိသေးတယ် အဖေ
ကျောင်းမသွားချင်လို့  ငြင်းဆန်နေတဲ့သားကို
စားစရာတွေနဲ့  ကျွေးမွေးချော့မော့
အငိုပျော့သွားတဲ့အခါကျတော့မှ
ကျောပေါ်မှာ ကုန်းပြီးပြီး ကျောင်းပို့ ခဲ့တဲ့ အဖေ..။
အိပ်ခါနီးတိုင်းမှာ
အဖေ့ပုခုံးမှီပြီး အိပ်ချင်တဲ့သားကို
မပူမဆူ မညည်းညူပဲ
ကြည်ကြည်ဖြူဖြူ ထမ်းသိပ်ခဲ့တဲ့ အဖေ..။
ဇနီးမယား သမီးသားအတွက်
နေ့ ညမရွေး ၀မ်းစာရှာကျွေးခဲ့
ဖျားနာနေတာတောင်
အိပ်ရာထဲမနား
အလုပ်ကို အပြေးသွားပြီး
စီးပွားရှာဖွေ ကျွေးမွေးခဲ့တဲ့ အဖေ..။

ရေးစရာတွေ မကုန်နိုင်အောင်
ပြောပြစရာ တစ်ပုံတစ်ပင်ရှိတဲ့
ဘ၀သခင် ကျေးဇူးရှင် အဖေ..။
များပြားလှတဲ့ အဖေ့ကျေးဇူးတွေကို
နှလုံးသွင်း ဆင်ခြင်ခံစားပြီး
ရေးလိုက်တဲ့ ဒီအလွမ်းစာဟာ
အဖေချစ်သူတိုင်းအတွက် ဖြစ်ပါစေ...။

ကောင်းသန့် 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>