2 3 4 5 6 7 8 9 10
Monday, August 13, 2012
ကရကဋ် ရာသီဖွား မောင်ငယ့်စိတ်ထား
***  ကရကဋ် ရာသီဖွား မောင်ငယ့်စိတ်ထား…
(ကရကဋ်ရာသီ-CANCER)…
…ဇွန် ၂၂ ရက်နေ့က ဇူလိုင်လ ၂၃ ရက်နေ့အတွင်းမှာ မွေးဖွားတယ်ဆိုရင် သူ့ကိုကရကဋ်ရာသီဖွားလို့ သတ်မှတ်ရမယ်။ အဲဒီအချိန်မှာ ကောင်းကင်မှာ ကဏန်းရုပ်ပုံကို သရုပ်ဖော်တဲ့ ရာသီအရုပ်ဖြစ်နေတာကြောင့် ကဏန်းကောင်ကို
အစွဲပြုပြီး ခေါ်ထားတာဖြစ်တယ်။ ရေဓာတ်စိုးမိုးပြီး တနင်္လာဂြိုဟ် ကြီးစိုးနေချိန်ဖြစ်တယ်။ မြန်မာပြက္ခဒိန်မှာတော့ ၀ါဆိုလလို့ သတ်မှတ်တယ်။
  •        ရုပ်သွင်…
…အရပ်အမောင်း အလယ်အလတ်ရှိတတ်တယ်။ တချို့အရပ်ပုတဲ့သူတွေ ဖြစ်တယ်။ မျက်နှာပြည့်ဝပြီး လည်ပင်းသား ပြည့်ဖြိုးတတ်သူတွေဖြစ်တယ်။ အသားရောင် ဖြူတဲ့သူများတယ်။ နှာခေါင်းဟာ ရှည်ပြီး အနည်းငယ် ကောက်သယောင်ဖြစ်နေတတ်တယ်။ နှာခေါင်းပေါ်လွင် လှပကြတယ်။ ခြုံကြည့်ရင် အရုပ်ဆိုး အကျည်းတန်တဲ့အသွင်ကို မတွေ့ရတဲ့အတွက် လူရည်သန့်အသွင် ရှိနေမယ်။
  •        အမူအရာ…
...သူတို့ လှုပ်ရှားမှုတွေဟာ လျင်မြန်တယ်။ သွားလာတဲ့အခါလည်း မြန်တယ်။ ဖြည်းဖြည်းသွားပါ လို့ ပြောရလောက်အောင် မြန်တယ်။ သူ့မျက်နှာမှာ သူ့ရဲ့ခံစားမှုကို အမြဲဖော်ပြနေတယ်။ ဟန်မဆောင် တတ် ဘူး။…တစ်ခုခုကို အာရုံပြုနေရင်လည်း တခြားလောကကို ဘာမှန်းမသိတော့ဘူး။ တစ်နေရာတည်း ကိုပဲ အာရုံစူးစိုက်နေတတ်တယ်။ ပျော်ရွှင်တဲ့အခါ စကားတွေဆိုပြီး တက်ကြွနေတတ်ပေမယ့် စိတ်ထိခိုက် သွား ရင် ငြိမ်သက်တိတ်ဆိတ်ပြီးဘယ်သူ့ကိုမှလည်း စကားမပြောတော့ဘဲ ဘာကြောင့်လဲဆိုတာတောင် မပြောတော့ပဲ ငြိမ်သက်သွားရော။
  •        စိတ်ထား…
…စိတ်ကူးနုနယ်ပြီး စိတ်ကူးယဉ်တဲ့ အတွေးတွေကြောင့် သူ့ရဲ့စိတ်ထားဟာလည်း နူးညံ့နေတတ်တယ်။ အများနဲ့ညှိနှိုင်း ပြေပြစ်အောင် ကြိုးစားတယ်။ သူဟာ သူ့ရဲ့အစွမ်းအစတွေကို ချီးမွမ်းပြောဆိုရင် နှစ်သက် တတ်ပေမယ့် သူ့ကို နှိမ်ချိုးရင်တော့ အလွန် စိတ်နာတတ်တယ်။
…စိတ်ပျက်ဝမ်းနည်းနေရင် ဘယ်သူ့ကိုမှ ဖွင့်မပြောတတ်ဘူး။ တစ်ယောက်တည်း သည်းခံတယ်။ သူတစ်ပါးကိုတော့ အမြဲကူညီ လိုတယ်။ ထောက်ပံ့တတ်တယ်။ ကြင်နာယုယ ဂရုစိုက်တယ်။ အဲဒါ သူ့ကိုလည်း ဂရုစိုက်စေချင်လို့ပဲ။ ဒါပေမယ့် နှုတ်ကတော့ ဘယ်တော့မှ ထုတ်မပြောဘူး။
…သူ့ရဲ့စိတ်ထားက လဆန်းရက်တွေမှာ တက်ကြွလှုပ်ရှားနေသလောက် လကွယ်ရက်တွေ မှာ နှေးကွေး ငြိမ်သက်နေ တယ်။ စိတ်အတက်အကျ အမြဲရှိနေတတ်တယ်။ သူ့ကို တကယ်ချစ်တဲ့သူကို သူသိတယ်။ အဲဒီအခါမှာ တစ်ခြားဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘူး။ သူ့စိတ်ဟာ တည်တံ့ ခိုင်ခန့်တယ်။
  •        ဆန္ဒသဘောထား…
…မိမိကိုယ်ကို သိပ်အားကိုးတတ်ပြီး ၀ီရိယ သိပ်ကြီးတယ်။ သူတစ်ပါးကိစ္စတွေကိုပါ ကူညီတတ်တဲ့အတွက် သူ့မှာ မအားရ မနားရ ဖြစ်နေတယ်။ သူလိုချင်တဲ့ဘ၀ကို ဖန်တီးယူတတ်တယ်။ အဲဒီအတွက် အချိန်ကိုစောင့်ပြီး လုပ်တတ်တယ်။
…သူချစ်ခင်သူတွေအတွက် သူက ဖန်တီးပေးရမယ်လို့ သဘောထားရှိပြီး တာဝန်ယူတတ်တယ်။ သူချစ်တဲ့သူတွေအတွက် အားလုံး ပြည့်စုံစေချင်တယ်။
…သူတစ်ပါးက သူ့ကို မကောင်းကြံရင် သူပြန်ပြီး မတုံ့ပြန်တတ်ဘူး၊ ရှောင်ထွက်တတ်တယ်၊ အသိုက်အမြုံကို ခင်တွယ်တတ်တယ်။ ဓလေ့ထုံးစံတွေကို လေးစားတတ်တယ်။
  •        အကြိုက်…
…သူ့ကို ဂရုစိုက်တာ ကြိုက်တယ်။ ချိုချိုသာသာပြောတာကိုပဲ လိုလားတယ်။ စကားပြောတဲ့အခါ သူကိုယ်တိုင်က ချိုချိုသာသာ နူးညံ့စွာ ပြောတတ်တယ်။ ချစ်ခင်သူတွေနဲ့ စားသောက်ရတာကို ပျော်ရွှင် တယ် ။ ဒါကြောင့် ပါတီပွဲတွေ၊ စားသောက်ပွဲလေးတွေကို ဖန်တီးပေးရင် သူ့အကြိုက်ပဲ။ ပျော်ပျော်ရွှင်ရွှင် လာပြီး ဆင်နွှဲလိမ့်မယ်။
…ချစ်သူရဲ့ အလှအပ ပြင်ဆင်မှုမှာတော့ “ရိုးရိုးလေးသာ ၀တ်ခဲ့ပါ” ဆိုတဲ့ သီချင်းလေးထဲက လို ခေတ်ရှေ့ပြေး တဲ့ ဖက်ရှင်ကို မကြိုက်တဲ့လူစားဆိုတာ သတိထားရလိမ့်မယ်။
…ဒါပေမယ့် ရွေးရမယ့်အရောင်လေးတွေက ကဗျာဆန်ဆန် ယဉ်ယဉ်နွဲ့နွဲ့ အရောင်လေးတွေဖြစ် တဲ့ ငွေရောင်၊ နို့နှစ်ရောင်၊ အဖြူ၊ အစိမ်းနုလေး၊ လိမ္မော်နုလေး၊ နံ့သာရောင်၊ ပန်းဖျော့၊ ခရမ်းဖျော့လေးတွေဖြစ်တယ်။ အကျီင်္ီအစတွေဟာ နူးညံ့တဲ့ပိတ်ချောနှင့် ပျော့ပျော့အသားလေးတွေနှင့် အဆင်အသွေး မရှုပ်ထွေးတဲ့ အဆင်တွေဖြစ်ရမယ်။
  •        အစား…
…ကိုယ်တိုင်ချက်ပြုတ်တတ်ရင် မိသားစုအိမ်တွင် ထမင်းဝိုင်းကို သူကပိုပြီး မျှော်လင့်တယ်။ အရသာကောင်းတဲ့စားဖွယ်ရာတွေကို လရောင်အောက်ကွပ်ပျစ်ကလေးမှာဖြစ်ဖြစ်၊ ရှင်းလင်းအေးဆေးတဲ့ ကွင်းပြင်ကျယ်လေး၊ ပင်လယ်ကမ်းနားနေရာလေးလိုအေးချမ်းငြိမ်သက်တဲ့ နေရာလေးမှာ ချစ်ခင်သူလေးနဲ့ စားသောက်နေတတ်တယ်။
…အစားကို အလွန်ဂရုစိုက်ပြီး ကောင်းတာမှ စားချင်တယ်။ မကြိုက်ရင် မစားဘူး။ကိုယ်က မချက်တတ်ရင် ကောင်းကောင်းဝယ် ကျွေးဖို့ကို သတိရှိရလိမ့်မယ်။ သူကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်တာကို ၀ါသနာရှိတယ်။ ဒါပေမယ့် ချစ်သူကပြင်ဆင်ပြီး စောင့်နေတာကို လိုလားတယ်။
  •        ရင်းနှီးမှု…
…သူဟာ အလုပ်ကို လေးစားတတ်ပြီး နေ့လည်နှစ်နာရီနောက်ပိုင်းမှ ချစ်ခင်သူတွေကို မျှော်လင့်တယ်။ ညနေ ငါးနာရီနောက်ပိုင်းမှာ ဆွေးဆွေးနွေးနွေး အချိန်ပေးရင် သူ့ရဲ့ နှစ်သက်တဲ့ အချိန်တွေမို့ ရင်းနှီးမှု ပိုရနိုင်တယ်။…အစားကောင်းချက်တတ်ရင် သူ့အတွက် မိသားစုဝင် အိမ်ကလေးတစ်အိမ်လို သဘောထားပြီး ၀င်ထွက်လိမ့်မယ်။ သူက အားကစား၊ စာပေရေးရာနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စတွေ စိတ်ဝင်စားတာမို့ အဲဒါတွေ ဆွေးနွေးနိုင်ရင်သူ့ရဲ့ရင်းနှီးမှုကို ရမှာပဲ။
  •        ၀ါသနာ…
…ရေလမ်းခရီး ရေနှင့် နီးစပ်တာတွေ ၀ါသနာပါတယ်။ အလုပ်တွေကို နေရာများစွာပြောင်းလဲလုပ်ကိုင်လိုတယ်။ တစ်နေရာတည်းမှာ ကြာကြာမလုပ်လိုဘူး။
…စာပေရေးသားမှုမှာ ၀ါသနာရှိတယ်။ အလုပ်နေရာပြောင်းရွှေ့လွန်းသဖြင့် ဥစ္စာကုန်ခမ်းတတ်တယ်။ မစုမိတတ်ဘူး။…အလုပ်သစ်တိုင်းကို ၀ါသနာသန်စွာ စမ်းသပ်ပြုလုပ်လိုတယ်။ အောင်မြင်နေလျှင်ပင် ၀ါသနာအလျောက် အခြားတစ်ခုကို ပြောင်းပစ်တတ်တယ်။ ဤအချက်၏ အားနည်းချက်ကို ညီမငယ်လေးက သတိပေးဖို့လိုလိမ့်မယ်ထင်တယ်။အရက်သေစာ သောက်စားတာ ၀ါသနာ မရှိဘူး။ လူကြီးများကို ရိုသေလေးမြတ်ပြုတတ်တယ်။
  •        စရိုက်…
…ပညာ၊ သီလဂုဏ်ကို ထိန်းသိမ်းတယ်။ အမိကို လွန်စွာ ရိုသေတတ်တဲ့အတွက် ညီမလေး တို့က ယောက္ခမကြီးနှင့် အဆင်ပြေဖို့ကို ဦးစားပေးကြိုးစားရလိမ့်မယ်။ သူဟာ မကြိုက်တာ၊ ကြိုက်တာကို ဖွင့်မပြောဘဲ မြုံစိစိလုပ်နေတတ်တဲ့အတွက် ချစ်ခင်သူတွေရဲ့ အထင်လွဲခြင်းကို မကြာခဏ ခံရတတ်တယ်။ အမိ၊ ဇနီးမယားနဲ့ သမီးများကို ခင်တွယ်ပြီး အရေးပေးတတ်တယ်။ ချစ်သူကိုလွန်စွာ ဂရုစိုက်တတ်တယ်။ ချစ်သူက သူ့ကို ပြန်ဂရုစိုက်တာကိုလည်း တုံ့ပြန်လိုလားတယ်။ အာဏာပြပြီး ခိုင်းတယ်ထင်ရင်တော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ဘူး။
  •        အတွေးစိတ်ကူး…
…ပြည့်စုံနွေးထွေးတဲ့ သီရိဂေဟာကလေးကို သူမျှော်မှန်းတယ်။ အဲဒီအတွက်လည်း အမြဲကြိုးစားတယ်။ အိမ်ဟာ ပျော်စရာ ကမ္ဘာလေးလို့ ယူဆထားသူမို့ နွေးထွေးတဲ့ မိသားစုအတွေးတွေဟာ အမြဲလွှမ်းမိုးနေ တယ်။  ချစ်သူအတွက် မိသားစု အိမ်ကလေးကို အလွန်ဖန်တီးပေးချင်တဲ့ စိတ်ကူးတွေ အမြဲရှိတယ်။ ကြိုးစားမှုလည်းပြုလိမ့်မယ်။ အချစ်ဟောင်းတွေ အဖြစ်ဟောင်းတွေကို  ပြန်ပြောမပြတတ်ဘူး။ သစ္စာရှိတဲ့အချစ်ကိုတော့ လိုက်ရှာတတ်တယ်။ စိတ်တိုင်းကျမှ ချစ်သူအဖြစ်ရွေးတယ်…..။
…ဥမ္မာရီ ( မဟာဝိဇ္ဇာ လက္ခဏာပါရဂူ )၏ ပျိုလေးရည်းစား မောင့်စိတ်ထားမှ ကမ္ဘာသစ်သူငယ်ချင်းများအတွက် မျှဝေပေးပါတယ်
Posted by ayeayemoemeeku on December 30, 2011
No comments:
Recent Posts
လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ
Popular Posts
မြန်မာ့မြေ
erer-outer'>