2 3 4 5 6 7 8 9 10

Tuesday, May 7, 2013

မဃဒေ၀လင်္ကာ ဆုံးမစာများ ( ၆ )


ရာဇာမှူးမတ်၊ မပြတ်သောက်စား၊ နာဖျားပြောစည်၊ စစ်သည်စိတ်လျော့၊ မင်းစိတ်ပျော့နှင့်၊ ဆိုးသော့နက္ခတ်၊ သူတတ်စီရင်၊ မြင်းဆင်ကြုံလှီ၊ မညီမင်းချင်း၊ စိတ်ကွဲခြင်းဖြင့်၊ ညံ့ဖျင်းသူရဲ၊ ပြည်ထဲငတ်မွတ်၊ မလွတ်သော့အား၊ ဤဆယ်ပါးကြောင့်၊ ပျက်ပြားပြည်လုံး၊ စစ်ကြီးရှုံး၏၊ သောက်သုံးမျိုးတုတ်၊ မယစ်ထုတ်နှင့်၊ မယုတ်မလွန်၊ ပြည်ကြီး ၀န်ကို၊ ဆော်ဘန်နေ့ည၊ မလုပ်ရအောင်၊ လုံ့လမကင်း၊ တိုင်ပင်ခြင်းဖြင့်၊ စိုင်းပြင်းလေ့လာ၊ မပြတ်ရာဘူး၊ ငါသာ တတ်သိ၊ ပညာယှိဟု၊ မိမိကိုသာ၊ မမှတ်ရာဘူး၊ သမ္မာမကြိုက်၊ ဒုစရိုက်နှင့်၊ လူမိုက်ထွန်းရာ၊ သူတကာတို့၊ ပူဆာ များတတ်၊ သူမြတ်ပဏ္ဍိ၊ က၀ိထွန်းရာ၊ သတ္တ၀ါတို့၊ ချမ်းသာပွါးတတ်၊ မှတ်လော့အစဉ်၊ မယှဉ်သတိ၊ ပညာယှိလည်း၊ ဒိဋ္ဌိပြေးဝင်၊ အမြင်ချွတ်လွဲ၊ စဉ်းလဲကောက်ကျစ်၊ မိစ္ဆာဖြစ်၏၊ ကျင့်ညစ်တလ္လ၊ ၀င်္ကန္တနှင့်၊ ကေ၀ဋမိုက်၊ ဒုစရိုက်သို့၊ သူမိုက်ဟူသည်၊ ဗိုလ်လူဒုက္ခ၊ ရအံ့အကြောင်း၊ မကောင်းကိုသာ၊ ကြံတတ်စွာ၏၊ ခိုင်မာကျေပြွန် ၊ ဆောင်သည့် ၀န်နှင့် ၊ အားခွန်ပြည့်ငြား၊ နွားကြီးများကို၊ ပယ်ရှား တုံလျှင်း ၊ နွားငယ်သွင်း၍၊ ကခြင်းထမ်းပိုး၊ အကျည်ကျိုးလျက်၊ ကိုးရိုးကားရား၊ ဖြစ်သော့လားသို့၊ မခြားပုံမှီး၊ လိမ္မာဖြီးသည့်၊ လူကြီးကိုပယ်၊ လူငယ်ကိုမြှောက်၊ ရှေ့နောက်မရှု၊ ထင်တိုင်းပြု၍၊ ပြည်မှုချောက်ချား၊ ကားရား ကိုးရိုး၊ ပြည့်ထမ်းပိုးလည်း၊ မကျိုးစေရာ၊ ရှုအပ်စွရှင့်၊ ပညာသမ္ပဇဉ်၊ ဉာဏ်မယှဉ်ဘဲ၊ ဥယျာဉ်သည်မိုက်၊ စရိုက်မကောင်း၊ မျောက် အပေါင်းကို၊ ရေလောင်း ခိုင်းမှား၊ ကျိုးပျက်ပြား၏၊ တရားအမြစ်၊ စစ်သော်တမူ၊ အရင်းယူက၊ ခိုင်းသူ အမိုက်၊ ကဲ့ရဲ့ ထိုက်၏၊ လူနှိုက်ထိုသို့၊ တရားချို့လည်း၊ မင်းတို့နှိုက်သာ၊ အပြစ်လာလိမ့်၊ ပညာမဲ့ငြား၊ တရားကျင့်ဝတ်၊ မင်းတို့ချွတ်က၊ ငတ်မွတ်ရေစာ ၊ ရောဂါ လက်နက်၊ သုံးချက်ဘေးကြီး၊ ဘိစီးပြည်ရွာ၊ ရောက်တတ်ရာ၏၊ အခါအခါ၊ အရာရာနှိုက်၊ ပညာရှေးယှိ၊ သတိ ထိန်းကျောင်း၊ မှန်လမ်းကြောင်းဖြင့်၊ မစောင်းမစွေ ရစ်စေနှင့်။။

❁ မန်လည်ဆရာတော်ဘုရားကြီး ❁
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>