2 3 4 5 6 7 8 9 10

Wednesday, May 8, 2013

မဃဒေ၀လင်္ကာ ဆုံးမစာများ ( ၇ )

လူဟုဖြစ်လာ၊ လူတို့ရွာနှိုက်၊ ငါသာတတ်သိ၊ ပညာယှိဟု၊ ဟူဘိတယောက်၊ သို့လောက်စကား၊ တရားပင်လော ၊ နှိပ်သဘောဖြင့်၊ ပြောတတ်သော့တတ်၊ ငါတမူလည်း၊ တဆူက၀ိ၊ ပဏ္ဍိဟူငြား၊ ဤစကား ကား၊ ဘုရားဟောမြွက်၊ ဘယ်ကျမ်းထွက်နည်း၊ အပျက်ပြုလို၊ ဆိုသူတဦး၊ အထူးထွေပြား၊ ငါကားပညာ၊ မယှိပါဟု၊ ရှောင်ကာဆိုမြောက်၊၊ သူတယောက်နှင့်၊ အလျောက်ပြောတုံ၊ ငါမယုံသေး၊ ပေးလော့ပါဋ္ဌိ၊ ညှိလော့ကျမ်းဂန် ၊ နှုတ်လှန်ပယ်ရှား ၊ ယောက်ျား တမျိုး၊ သိနိုးတတ်ယောင်၊ ဟန်ဆောင်မူတတ်၊ မမြတ်ဝါဒ၊ ၀တဏ္ဍဟူ၊ ခြောက်ဦးလူတည့်၊ အယူမမှန်၊ ဉာဏ်ပြဒါးပွတ်၊ တရားလွတ်၏၊ ပေါက်လွှတ်မမြဲ၊ ချွတ်လွှဲမိစ္ဆာ၊ မသမ္မာဘူး၊ အကာသဖွယ်၊ တံလှပ်နှယ်သို့၊ လူဝယ်မင်းဖြစ်၊ မာန်မယစ်နှင့်၊ မချစ်ကောင်းစွာ၊ သူယုတ်မာလည်း၊ ဘယ်ခါမစပ်၊ မနီးအပ်ဘူး၊ ပညပ်လူ့ဘောင်၊ ချိုယှိကောင်ကို၊ အတောင် ငါးဆယ်၊ လွှဲဖယ် ခွါဆုတ်၊ ကြမ်းကြုတ် ခက်ထန်၊ ပေါက်ကန်တတ်ခြင်း၊ ခွါရှိမြင်းမှ၊ ကွင်းလေ တရာ၊ ဆင်မှာ တထောင်၊ ဖဲရှောင် အပ်ရှောင်း၊ သူမကောင်းကား၊ ဝေးကြောင်းမယှဉ်၊ ရပ်စွန့်ကြဉ်ဟု၊ အစဉ် သေချာ၊ နီတိမှာ၏၊ များစွာပုံသင်၊ ဤလူ ရှင်ကား၊ အသွင်မတူ၊ အိမ်သူမဖြစ်၊ သူမိုက်ညစ်လည်း၊ မိုက်ညစ် ချင်းသာ၊ လူသမ္မာလည်း၊ သမ္မာချင်းချင်း၊ ပေါင်းကြသင်း၏၊ ပြုခြင်း မူခြင်း၊ နှလုံးသွင်းဖြင့်၊ ဓာတ်ချင်းမလျော်၊ သူ မတော်နှင့်၊ သူတော်မြတ်ယုတ်၊ သဘောထုတ်က၊ သမုဒ္ဒရာ၊ ဤမှာထိုဘက်၊ ကမ်းနှစ်ဘက်နှင့်၊ ဘ၀ဂ် ၀ီစိ၊ ဟူဘိမက၊ ပမာပြ၍၊ မမျှနိုင်ရာ၊ ဝေးကြကွာ၏၊ သဒ္ဓါ ပညာ၊ သမ္ဘာမမျှ၊ ဤလောကနှိုက်၊ မိန်းမရတနာ၊ ယုတ်မာယောက်ျား၊ အတူထားလည်း၊ နီးပါး မသီ၊ ရေနှင့်ဆီသို့၊ မညီစိတ်မှာ၊ ဝေးကြစွာ၏၊ သေချာမှတ်ယုံ ၊ ရှေးခါတုံက၊ ဥဒုမ္ဗရ၊ ပိင်္ဂုတ္တတို့၊ ကာလရှည်လျား၊ တကွသွားလျက်၊ ယဉ်ပါးနီးကပ်၊ ကိုယ်မစပ်ဘဲ၊ မတပ်စိတ်တွင်၊ သဖန်းပင်ထက်၊ ဆူးလျှင်အုံကာ၊ ကင်းဝေးကွာအောင်၊ ပစ်ခွါမနှေး၊ စွန့်၍ ပြေး၏၊ ခွေးနှင့် ပတ္တမြား၊ တွေ့သော လားသို့၊ ဘုန်းယှား ကံယှား၊ သူယုတ်များတို့၊ စံစားမထိုက်၊ ကံလျှင်မိုက်က၊ ဉာဏ်မိုက်သောအား၊ အမှားမှားတည့်၊ စီးပွါးကိုယ်မှာ၊ ချမ်းသာဖြစ်ကြောင်း၊ ရပါရှောင်းလည်း၊ မကောင်းကံ မြစ်၊ ကျိုးမဖြစ်ဘူး၊ သူညစ်စရိုက်၊ သူမိုက် သဘော၊ ကျင့်မနှောသည်၊ သားစောလိမ်မောင့် လိမ္မာတည်း။

❁ မန်လည်ဆရာတော်ဘုရားကြီး ❁
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>