2 3 4 5 6 7 8 9 10

Wednesday, April 1, 2015

ခေတ်မီခြင်းနဲ့ ခေတ်ဆန်ခြင်း ( ၂ ) လူထုစိန်ဝင်း


      ဖက်ရှင်ရှိုးပွဲတစ်ခုမှာ ဖက်ရှင်မယ်တစ်ယောက်ကို အင်တာဗျူးတော့ ဖက်ရှင်မယ်က နိုင်ငံတကာ စံချိန်နဲ့ အညီ ခေတ်မီ အောင် အရမ်း ကြိုးစားနေရတဲ့ အကြောင်း ၊ ရုပ်ရှင်တွေ ဗီဒီယိုတွေက တစ်ဆင့် သာ လေ့လာနိုင်သေးလို့ ထင်သလောက် ခရီး မပေါက်သေးကြောင်း ဖြေကြားထားတာကို မဂ္ဂဇင်း တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။






ဘယ်သူ့စံက နိုင်ငံတကာ စံလဲ
အဲဒါကို ဖတ်ပြီးတော့ နိုင်ငံတကာ အဆင့်မီဆိုတဲ့ စကားနဲ့ ခေတ်မီဆိုတဲ့ စကားများ တော်တော်လေး .. ခေတ်စားနေ တာကို သတိပြုမိပါတယ်။

ဆက်လည်း တွေးနေမိပါတယ်။ နိုင်ငံတကာ အဆင့်မီဆိုတဲ့စကား နေရာတကာမှာ သုံးစွဲနေကြပါတယ်။ ဘယ်လို အဆင့်မျိုးကို နိုင်ငံတကာအဆင့်မီလို့ ခေါ်တာမှန်းတော့ ဘယ်သူမှ ရေရေရာရာ မသိကြပါဘူး။ သုံးကောင်းတိုင်း သုံးနေကြပုံရပါတယ်။ ဥပမာ - ပညာရေးဆိုပါတော့။ ကျွန်တော်က အင်္ဂလိပ်၊ အမေရိကန်ပညာရေး စနစ်တွေကို ဟုတ်လှပြီ ထင်ပြီး “စံ” အဖြစ် သတ်မှတ်အတုယူနေကြစဉ်မှာ သူတို့ဆီက ပညာရေးပါရဂူတွေနဲ့ သင်ကြားရေး ပညာရှင်တွေကတော့ သူတို့ဆီက မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသားတွေဟာ သင်္ချာဘာသာလို သိပ္ပံ ဘာသာလို ဘာသာရပ်တွေမှာ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူက ကျောင်းသားတွေနောက် အများကြီး ပြတ်ကျန်နေ ရစ်ပြီ ၊ ပညာသင်ကြားရေး စနစ်တွေ ပြုပြင်ဖို့ နည်းလမ်း ရှာကြံသင့်ပြီလို့ သုံးသပ်ပြောဆိုနေတာတွေ ကြားသိနေရ ပါတယ်။


လော်မာတဲ့အဆင့် မရောက်သင့်

    စောစောက ပြောတဲ့ ဖက်ရှင်ရှိုးကို ပြောပါရစေဦး။ ဖက်ရှင်အရာမှာ ကမ္ဘာ့ထိပ်သီးဖြစ်တဲ့ ပြင်သစ် ဖက်ရှင် ရှိုး တွေ ကို မီမှ နိုင်ငံတကာ အဆင့်မီလို့ ယူဆပြီး သူတို့ အတုယူရမှာလား။ အတုယူတာမျိုးတွေတော့ တွေ့နေရပါ တယ်။ ရှိုးပွဲ တချို့ဆိုရင် မြန်မာပြည်မှ ဟုတ်ရဲ့ လားလို့ ထင်ရလောက်အောင်ကို ၀တ်စားဆင်ယင်မှု လွန်ကဲနေ တာ တွေ့ရ ပါတယ်။ တော်တော် လွန်တာတင် မဟုတ်ပါဘူး။ “လျှပ်ပေါ်လော်လီ” တဲ့ အဆင့်ထိအောင် လွန်နေ တာမျိုးပါ။ ဘယ်အချိန်မှာများ ဘီကီနီကြော်ငြာတာတွေ မြင်တွေ့ရမလဲလို့တောင် တွေးမိပါတယ်။ လှရုံပရုံ မဟုတ်တော့ဘဲ “လော်မာ” တဲ့ အဆင့်ထိ တော့ မရောက်စေသင့်ပါဘူး။




 မှန်ကန်စွာတွေးခေါ်တတ်မှု

    နောက်ပြီး ခေတ်မီတယ်ဆိုတဲ့ စကား။ ဘယ်ဟာကို ခေတ်မီတယ်လို့ ခေါ်ရမှာလဲ။ ရမ်ဘိုလို ရုပ်ရှင်ကားတွေ ရိုက်နိုင်တာ ခေတ်မီတာလား။ ကွန်ဖူးကားတွေ ရိုက်တတ်တာ ခေတ်မီတာလား။ အလွယ်ပြောပြီး အလွယ်လိုက် လုပ်တာ မကောင်းဘူး။ ကလေးတွေအတွက် နမူနာဆိုး ဖြစ်စေတယ်။ အတွေးအခေါ်တွေ မှန်မှန်ကန်ကန် ဖြစ်အောင် ကြိုးစားခြင်း ကမှ တကယ်ခေတ်မီခြင်း ဖြစ်တယ်ဆိုတာ ကလေးတွေ သိအောင် လုပ်ပေးရပါမယ်။ ပညာသင်ယူရာမှာလည်း သူများ ရေးထားတဲ့စာတွေ အလွတ်ရွတ်ပြတတ်ရုံ လုပ်တတ်ခြင်းဟာ ပညာတတ်ခြင်း မဟုတ်ကြောင်း သိအောင် လုပ်ဖို့ လိုပါတယ်။

ပြောတတ်ရုံနဲ့ ဘာဖြစ်လာမှာလဲ

    အရာရာကိုလည်း စာအုပ်ထဲက ပုံစံအတိုင်း တွေးတတ်၊ မြင်တတ်၊ လုပ်တတ်ရုံနဲ့ ဘာမှ အရာမရောက်ပါဘူး။ အိုင်စတိုင်းက ဘာပြောတယ်။ နယူတန်က ဘာလိုလုပ်တယ်။ ကိန်းက ဘယ်လိုဆိုတယ်။ ဒါဝင် ဘယ်လိုရေးခဲ့ တယ် ဆိုတာတွေ ပြန်ပြောတတ်ရုံနဲ့ ဘာဖြစ်လာမှာလဲ။ ကိုယ်လုပ်နိုင်တာမှ မဟုတ်တာ။ အရေးကြီးတာက ကိုယ် လုပ်နိုင်ဖို့ပဲ။ သူများ ပြောတာဆို ဘယ်သူပြောတာမှ မယုံနဲ့။ ကိုယ်တိုင်သိ၊ ကိုယ်တိုင်တွေ့မှ ယုံဆိုတဲ့ “ကာလမသုတ်” ကို မြန်မာတိုင်း သိနေကြတာပဲ။ အဲဒီ ကာလမသုတ်ဟာ အမှန်ဆုံး အကောင်းဆုံး ပညာ သင်ယူနည်း ဖြစ်တယ်။ အမှန်ကန်ဆုံး အမှန်တရား ရှာနည်း ဖြစ်တယ်။ ဒါကိုတော့ ဘာကြောင့် လျစ်လျူရှု ထားကြတာလဲ။

ရှေ့ကပြေးခိုင်း

    ပညာသင်တယ်ဆိုတာ Critical Thinking ပိုင်းခြားစိတ်ဖြာ စဉ်းစားတွေးခေါ်တတ်အောင် လုပ်ပေးခြင်း ဖြစ်တယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားတတ်ရမယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ လုပ်တတ်ရမယ်။ မီအောင်လိုက်တယ် ဆိုတာ က နောက်လိုက် လုပ်တာပဲ။ ကလေးတွေကို နောက်လိုက်မလုပ်ခိုင်းပါနဲ့။ ရှေ့ကလျှောက်တဲ့ လမ်းဖောက်သူ ဖြစ်ပါစေ။ ခေတ်မီအောင် ကြိုးစားမခိုင်းပါနဲ့။ ခေတ်ရှေ့က ပြေးခိုင်းပါ။

လမ်းပေါ်ကအသံတွေ

    စံပြပုဂ္ဂိုလ်တွေကို အတုယူတဲ့ အခါမှာလည်း အနှစ်သာရကို အတုယူတတ်ဖို့၊ အပေါ်ယံအကာတွေကိုပဲ အတု မယူဖို့ သတိပေးပါ။ ဒီနေ့ ကမ္ဘာတစ်လွှား ခေတ်စားနေတဲ့ ရော့ခ်တို့ ရက်ပ်တို့ ဟစ်ပ်ဟော့တို့ ဆိုတဲ့ ဂီတ အမျိုး အစားတွေဟာ သန္ဓေကောင်းက ပေါက်ဖွားလာခဲ့ကြတာ ဖြစ်တယ်။ ရှေးပဒေသရာဇ်ခေတ် နန်းတော် ကြီးတွေ နဲ့ ရဲတိုက်ကြီးတွေထဲက အရှင်သခင်တွေကို မကြိုက်တဲ့ လူတွေက ဂစ်တာတစ်လက် ဒါမှမဟုတ် ဆက်ဆိုဖုန်း တစ်လက်နဲ့ လမ်းဘေးအုတ်ခုံပေါ်မှာ ထိုင်ပြီး လမ်းပေါ်ကလူတွေရဲ့  ရင်ထဲက အသံတွေကို တီးခတ် ဖော်ကျူး ခဲ့ကြတာ ဖြစ်တယ်။

အကာကိုသာယူကြ

    နောက်လူတွေ ခေတ်ရောက်တော့ ရှေ့ကလူတွေရဲ့  စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်ကို အတုမယူကြဘဲ ၀တ်စား ဆင်ယင်မှုဆိုတဲ့ အပေါ်ယံအကာလောက်ကို အတုယူကြတော့ စုတ်စုတ်ပြတ်ပြတ် အ၀တ်အစားနဲ့ ဆံပင်ရှည် ကြီးတွေ ဖိုးယိုးဖားယားနဲ့ မျက်စေ့နောက်စရာ ဖြစ်ကုန်ကြတော့တယ်။ နောင်ဆယ်စုနှစ် နှစ်စုလောက်ကျတော့ မူးယစ်ဆေးဝါးနဲ့ ညစ်ညမ်းမှုတွေလောက်ပဲ အဓိကထား ဖော်ကျူးနေကြတာ တွေ့ရတယ်။ ဒါတွေကို လူငယ်တွေ သိအောင် လူကြီးတွေက လုပ်ပေးရမယ့် တာဝန်ရှိတယ်။ ပေါ့ပ်ဂီတဆိုတာ “လူထုဂီတ” ဖြစ်တယ်။ “လူတစ်စုဂီတ” မဟုတ်ဘူး။ဆိုတာ ပြောပြဖို့လိုတယ်။

ဟန်ဆောင်ညာဖြန်း

    ဒီနေ့ခေတ်မှာ လူတော်တော်များများဟာ အပေါ်ယံအကာတွေလောက်ကို အဟုတ်ထင်ပြီး နေကြတာ တွေ့နေ ရတယ်။ အနှစ်သာရကိုတော့ မမြင်ကြဘူး။ တချို့ကျတော့ အပေါ်ယံအကာလေး ယူစွပ်ထားပြီး ဟန်ဆောင် ညာဖြန်း နေတတ်ကြတယ်။ ဒီလိုလူမျိုးတွေဟာ ဘယ်လိုလုပ်ပြီး အနှစ်သာရကို သိရှိနိုင်မှာလဲ။ အနှစ်သာရမဲ့တဲ့ သူတွေဟာ တကယ်တော့ နိုင်ငံတကာ အဆင့်မီတို့ ခေတ်မီတို့  ဆိုတဲ့ စကားတွေကို အကျယ်လောင်ဆုံး ပြောနေ ကြ တဲ့သူတွေ ဖြစ်တယ်ဆိုတာ သတိထားကြည့်သူတိုင်း သိကြတယ်။


လူထုစိန်ဝင်း




ကမ္ဘာသစ် မြန်မာ Fan Page ( facebook )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>