2 3 4 5 6 7 8 9 10

Friday, May 10, 2013

အိုးပင်းပေါ်တင် ၀က်ဘ်ဆိုက် ပါးစပ်ကြီး ( မောင်သာချို )


    လူတိုင်းကိုယ်စီ၌ မိမိတို့၏ စံပြဇာတ်ရုပ်အဖြစ် အားကျနှစ်သက် သဘော ကျ အတူယူအပ်သော လူသား ဟူသည်မှာကား ရှိကြစမြဲ ပါပေတည်း။ ဥပမာဆိုကြပါစို့။ ရုပ်ရှင်မင်းသားကျော်ဟိန်းက စောင်းကန်း စောင်းကန်းနှင့် လမ်းလျှောက်ချေသော အခါ သူ့ခေတ်က လူငယ်အချို့တို့သည် သူ့ကို တုပ ကာ စောင်းကန်းစောင်းကန်းနှင့် လမ်းလိုက်၍ လျှောက်ကြလေကုန်၏။ ထို့အတူ ရုပ်ရှင်မင်းသမီးကြီး ခင်ယုမေက ထဘီကို ခြေသလုံးသားဖော်၍ ခပ်တိုတို ၀တ်ဘိလေသောအခါ သူ့ခေတ်က မိန်းမပျိုအချို့တို့သည် သူ့အသွင် တုပလျက် တဘီတိုတိုနှင့် ခြေသလုံးသား ညိုညို  တုတ်တုတ်ကြီးတွေ ဖြစ်၍သာ သွားတော့ပါ၏။

    ဗိုလ်ချုပ်အောင်ဆန်းလို စကားပြောမယ်။ မဟတ္တမဂန္ဒီကြီးလို ၀တ်မယ်။ ဘီလ်ဂိတ်လို လှူမယ်။ မာသာထရီဇာ လို ပရဟိတလုပ်မယ်။ အယ်လ်ဘတ် အိုင်းစတိုင်းလို ရိုးသားမယ်။ မြို့မငြိမ်းလို သီချင်းရေးမယ်။ ထူးအိမ်သင်လို သီချင်းဆိုမယ်။ သြော်.. တုပစရာတို့မှာကား များပြားလှစွာပင်။


    ၎င်းတို့ကဲ့သို့ လူတစ်ဦးဦးအား သဘောကျအတုယူ နမူနာပြု အားကျသမှု ရှိခဲ့သော် ၎င်းစံပြလူသားကို Hero ဟု ခေါ်ကြ၏။ အချို့က Selfimage ဟု ခေါ်ချေ၏။ အချို့မူကား Ideal Character ဟု ခေါ်သတတ်။ ထားလေ။
    ပသို့ဆိုစေ လောကအကျိုးကို တစ်နည်းနည်းဖြင့် သယ်ပိုးသူတို့အား အတုယူ အားကျခြင်း သည် ကောင်းမြတ် သည့် စိတ်နေသဘောထား တစ်ရပ်ပင်။ အားကျအတုယူကြလေကုန်လော့။

    ကျွန်ုပ်ကား တုတ်ထိုးအိုးပေါက် ဘွင်းဘွင်းရှင်းရှင်း ရေဆေးငါးကြီးနှယ် ဖြစ်တော့ရာ အမှန်အတိုင်း ၀န်ခံ လိုက်ရ သည် ရှိသော် ကျွန်ုပ် ယခုအားကျမိသူမှာကား ဂျူလီယန်အက်ဆန်း ( Julian Assange ) ပေတည်း။
    ဟုတ်ကဲ့။ ယခုမျက်မှောက် ကမ္ဘာ့စာမျက်နှာ၌ ပြူးတူးပြဲတဲကြီး ဖြစ်နေသူမှာ အနှီ ဂျူလီယန်အက်ဆန်းမှ တစ်ပါး အခြားဘယ်သူရှိပါလေအံ့နည်း။ သြစတြေးလျနိုင်ငံသားလေး ဂျူလီယန်အက်ဆန်း အသက် ၃၉ နှစ်သား ဂျူလီယန်အက်ဆန်း။

    သူကား ကွန်ပျူတာပိုင်းဆိုင်ရာ ဘ၀ရှင်မင်းတရားကြီး ဖြစ်ဘိချေရာ ၀ီကီလိခ် ( Wikileaks ) ဟူသော ၀က်ဘ်ဆိုက် ကို တည်ထောင်ထားပြီးးသည့် သကာလ ယခုအခါ ကမ္ဘာအနှံ့ရှိ အမေရိကန်သံရုံး အသီးသီးမှ ကန့်သတ် အဆင့် သံရုံးမှတ်တမ်းဆိုင်ရာ အချက်အလက်တို့ကို ထုတ်ပြန်လိုက်ချေရာ တချို့နိုင်ငံနှင့် တစ်နိုင်ငံ ကြား မျက်နှာပျက်စရာများ ဖြစ်ရဘိချေလေပြီ။
    ဟုတ်ကဲ့။ ကျွန်ုပ်အားကျမိသည်မှာ ၎င်းလူ ဂျူလီယန် အက်ဆန်းပင် ဖြစ်ဘိပါ၏။ အမှန်တရား ကို ဖော်ထုတ်သော သူ့လိပ်ပြာကို ကျွန်ုပ် အတုယူချင်မိချေပြီ။
    ကာတွန်းအော်ပီကျယ်နှင့် ကာတွန်းမောင်ဝင်းအောင်တို့ လမ်းတွင်ဆုံ၏။ ဤတွင် ကာတွန်းအော်ပီကျယ် က မောင်ဝင်းအောင်အား ပြောဆိုလိုက်ပုံမှာကား “မောင်ဝင်းအောင်ရေ ကိုယ့်လူရဲ့  အမျိုးသမီးကို မင်္ဂလာဆောင်တဲ့နေ့က အကဲခတ်ကြည့်ရတာ ရိုးရိုးကြီးပဲကွ”


    သို့နှင့် ကာတွန်းမောင်ဝင်းအောင် ထွက်ခွာ၍ အသွား ခြေလှမ်း ၁၀ လှမ်းခန့် လွန်ထွက်သွားသည်နှင့် ကာတွန်း အော်ပီကျယ် ဆက်၍ ပြောပုံမှာကား “မောင်ဝင်းအောင် မိန်းမက တောဒီဇိုင်းကြီးဗျ. ဟားဟား” ဟူ၏။

    အနို့နှင့် ကျွန်ုပ်လည်း နောက်တစ်ခါ ကာတွန်းမောင်ဝင်းအောင်နှင့်အတွေ့၌ အော်ပီကျယ်ကြီး သို့ကလို ပြောသွားကြောင်း ၀ီကီလိခ် ၀က်ဘ်ဆိုက်စတိုင်လ်ဖြင့် ဖွင့်ချလိုက်ရာ နောက်သုံးလေးရက်အကြာ၌ ရိုးစင်းသော ဘ၀၏ ပျော်ရွှင်မှု ဆိုင်ကလေးတစ်ဆိုင်တွင် ကာတွန်းအော်ပီကျယ်နှင့် ကာတွန်း မောင်ဝင်းအောင် တို့ နှစ်ယောက် နပန်း သတ်ကြသော ဟူ၏။

    သို့နှင့် အခြားတစ်နေ့။
    စာရေးဆရာမ မိချမ်းဝေသည် လမ်း၌ တွေ့သူ နုနုရည် (အင်းဝ)၏ အင်္ကျီစလေးကို အသာကိုင်ကြည့်ကာ ပြော ဆိုနေပုံမှာ “ဟယ် မမနု ကြည့်ပါဦး ပုလဲပေါက်အဖြူကလေးနဲ့ မမနုနဲ့ကြည့်ရတာ ကျက်သရေ ရှိလိုက်တာ မမရယ်၊ တကယ့်ကို” ဟူ၏။

    တစ်ဖန် ၎င်းမိချမ်းဝေသည် လမ်း၌ ရွှေကူမေနှင်းနှင့် တွေ့သည်ရှိသော် “တွေ့ခဲ့ပါ့ မမတို့ နုနုရည်(အင်းဝ) လေ အညာသူ မပြောရဘူး အသားကိုပြာလို့” ဟု ပြောပြန်၏။

ကျွန်ုပ်လည်း ၎င်းမိချမ်းဝေက ၎င်းသို့ပြောဆိုနေကြောင်း မနုနုရည်(အင်းဝ)ထံပြေးကာ ၀ီကီလိခ်စတိုင်လ်ဖြင့် သွားရောက်ဖွင့်ဟလိုက်မိပါ၏။ ဆရာအော်ကျော်တိုးကား မယားထိ ဓားကြည့်ဖြစ်၍ သွားဘိကာ အနှီ မိချမ်းဝေ ထံသို့ ချီတက်သွားဘိသည့် သကာလ မိုက်ရင် တစ်ဗွေချင်း ချမလားဟု စိန်ခေါ်ခဲ့ပါကြောင်း ဟူလို။

ထို့အတူ ကိုကြူးနှစ် နှင့် တွေ့စဉ် “၀တ္ထုကလေး ဘာလေး ပေးပါဦး” ဟု ဆိုခဲ့ပြီး နောက်ကျောပေးလိုက်သည်နှင့် “မကောင်းတတ်လို့ တောင်းရတာပဗျာ” ဟု ဆိုခဲ့သူ ဘုတ်အုပ်မဂ္ဂဇင်း အယ်ဒီတာ ကိုယမုံအကြောင်းကိုလည်း ကိုကြူးနှစ် အား ကျွန်ုပ်က သွားပြောရာ ၎င်းကိုကြူးနစ်က “မင်းတို့ ယမုံ ငါ့ကိုလွတ်အောင် ရှောင်ပေတော့ကွာ” ဟု လက်သီးကို ဆုပ်ချေဘိ၏။

        အသို့နှင့် ဂျူလီယက်အက်ဆန်းစတိုင်လ်ဖမ်းကာ နှုတ်ကို မစောင့်စည်းတော့ဘဲ အိုးပင်း ပါးစပ်ကြီး ဖြစ် ၍ နေတော့ချေရာ အရပ်လူအပေါင်းတို့က မျက်စောင်းတခဲခဲနှင့် ဦးခေါင်း ရိုက်ခွဲရန် ချောင်းမြောင်း ၍ နေကြသည် ဆိုပါကြောင်း ဟူလို။

မောင်သာချို ( ဂျက် - ကွမ်းခြံကုန်း )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>