2 3 4 5 6 7 8 9 10

Saturday, May 4, 2013

သောကခြေရာ


ဘယ်သူမြင် ဘယ်သူသိမှာလဲ
သူရှိတယ် ကိုယ့်ရင်ထဲ
အမြဲငြိတွယ်..။
အရိပ်ကလေးလို အစဉ်ခြောက်သူရဲ့ 
စိတ်အတွေးကို တမင်နှောက်တာလား
သခင်ရောက်ပါလို့ တ၀ဲလည်လည်..။
ငွေလသာ အရိပ်ထိုးရင်လဲ
နွေညမှာ အအိပ်ခိုးပြန်ပေါ့
စိတ်ဆိုးဟန် တမင်လွှဲပေမယ့်
ရင်ထဲက အရိပ်ငယ်
ဆိတ်ကွယ်လို့ ပျောက်မသွား..။
ရင်မအေးအောင် မနှိပ်စက်ပါနဲ့
အအိပ်ပျက်ကာ နေမရအောင်
နွေညကို ကျိန်စာတိုက်သူရဲ့ 
စိတ်ကြိုက်သလို ခွာခွာနေပေါ့
မာယာတွေ အဆင်ခွဲကာ
ရင်ထဲမှာ ခြေရာမချန်နဲ့
ဝေဒနာဒဏ် အရိပ်ခွာချလို့
အချစ်ရယ်.. အိပ်ပါရစေလား…။

မောင်စိန်ဝင်း ( ပုတီးကုန်း )

အလှသစ္စာတရား

Friday, May 3, 2013

စိတြအတွေး

[ Khin Maung Toe ] မြေနီလမ်း.. တို့ လျှောက်ခဲ့တဲ့ .. လမ်းလေးဆီ.. နေခြည်လွှမ်းလို့ .. ခြောက်သွေ့မှာ .. စိုးလှတယ်.. ♫

သောကသောင်




နှမအချစ်၊ မြစ်ထဲကရေ
နွေနှင့်မိုး..
တစ်မျိုးစီ ပြောင်းတတ်၏။
ငါ့ရာသီများ၊ ကာလလျားရှည်
နွေနေ့လည်မျိုး၊ တံလှပ်ခိုးဝေ
နေအပူပြင်း၍
ကွေ့ကောက်စီးရစ်၊ သူမမြစ်၌
အချစ်ရေများ၊ လျော့ပါးစ ပြု
ခန်းလုပေါ့လေ..
နွေ၏နေသည်
ရေကို အငွေ့ပြန်စေကာ..
နွေအနမ်း
ရေအခန်းမှာ
နွမ်းမောလျအောင်
လွမ်းသောက သောင်တို့
လက်ဆောင်အဖြစ်
ထားရစ်ခဲ့ပြန်…။

မောင်စိန်ဝင်း ( ပုတီးကုန်း )

အဖြူရောင် မေတ္တာတွေ ( အောင်သင်း )



                    လွန်ခဲ့တဲ့ ပြည်ထောင်စုနေ့က ရန်ကုန် သာကေတ ၉ ရပ်ကွက် စာကြည့်တိုက်ဖွင့်ပွဲကို သွားခဲ့ရပါတယ်။ ဟောပြောပွဲပေါ့လေ။ ငါ့တစ် ယောက်တည်း ဖြစ်နေတာကြောင့် လုပ်သားကောလိပ်မှာ တပည့်ဖြစ်ခဲ့ ဖူးတဲ့ စာရေးဆရာ အဏ္ဏဝါစိုးမိုး ကြီးကိုလဲ လိုက်ခဲ့စမ်းပါလို့ တောင်း ပန်ပြီး နှစ်ယောက်သားသွားပြီး စာပေ ရေးရာတွေကို ဟောပြောခဲ့ရပါတယ်။ ငါကနေ့လယ်၁နာရီမှာရန်ကုန်တက္ကသိုလ် မြန်မာစာ ကျောင်းသား ဟောင်းများရဲ့ ကန်တော့ပွဲရှိနေတာ ကြောင့် အဏ္ဏဝါစိုးမိုးကြီးကို''ဗိုလ်စိုးရေ၊ကိုယ် သုံးနာရီလောက် မှရောက် နိုင်မယ်။ ရှေ့ပိုင်းမှာ ထိန်းထားပါ'' လို့ပြောလိုက်ရတယ်။ သူက အာ ပေါင် အာရင်းသန်သန် ဟာသမြိုင် မြိုင်နဲ့ ဟောတတ်တာမို့ အလွန်အား ကိုးရပါတယ်။

                  ဒါနဲ့ပဲ သာကေတကို သုံးနာရီ လောက် ရောက်သွားတယ်။ ဗိုလ်စိုး ကြီးကလဲထိန်းထားပါတယ်။ ပရိသတ်ကြည့်လိုက်တော့ အသက် ၂ဝအောက်၊ ၂ဝကျော်လူငယ်ပရိ သတ်ကပိုပြီးများပါတယ်။ ဒီစာကြည့် တိုက်ကိုဖြစ်မြောက်လာအောင် ကမကထလုပ်သူတွေထဲမှာ ငါတို့တောင် တွင်းကြီးသားတစ်ယောက် ပါနေတယ်။ တောင်တွင်းကြီးသားမှ ငါ တို့ရဲ့ တောင်ပြင်ရပ်ကွက်သားဖြစ်တဲ့ အပြင် ငါ့မျက်စိအောက်မှာ ကြီးပြင်း လာတဲ့ကောင်လေးပေကိုး။ ခုတော့ဖြင့် ဦးမျိုးညွန့်ဖြစ်နေပြီပေါ့လေ။ ခေါင်းဖြူကြီးပေါ့။ သူ့ကြောင့်လဲ ငါကပွဲ ဆက်အပင်ပန်းခံပြီးလိုက်ခဲ့ရတာပါ။ ထားလိုက်ပါတော့။
                     ငါပြောခဲ့တာတွေက-
             ရန်ကုန်မြို့နယ်က ရပ်ကွက်ကြီး တစ်ခုဖြစ်နေပါလျက် စာကြည့်သင်း တစ်ခုအခုမှ ဖြစ်လာရတာ အတော် နောက်ကျနေတဲ့အကြောင်းကို နိဒါန်း ချီပြီးပြောခဲ့တာပါပဲ။

~

ပဲခူးတိုင်း

Thursday, May 2, 2013

♫ ခွင့်မပြု ..

♫ .. Htoo Eain Thin

ကမ္ဘာကို စိန်ခေါ်ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားရဲ့ နျူ


မြောက်ကိုရီးယားနိုင်ငံ၏ အသက်ငယ်ရွယ်သော ခေါင်းဆောင်လေး ကင်ဂျုံအန်- Kin Jong Un သည် မျိုးရိုးစဉ်ဆက် အာဏာအမွေ ကို ဆက်ခံခဲ့ပြီး အချိန်အနည်းငယ်အတွင်း၌ သူ့ဦးဆောင်နိုင်မှု၊ သူ့ခေါင်းဆောင် နိုင်မှုကို စမ်းသပ်ကြည့်နေရသည်။
သူ့အိမ်နီးချင်းနိုင်ငံများကလည်းသူ၏မိုက်ရူးရဲဆန်သည့်နည်းဗျူဟာများကိုစိတ်ဝင်စားဖွယ် အတိ ဖြစ်နေကြ သည်ဟု အမေရိ ကန်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက မှတ်ချက်ချသည်။
ယခုလည်း ပြုံးယမ်းမှနေ၍ ထုတ်ပြန်နေသော စကားလုံးများသည် မြှုပ်ကွက်များနှင့် စိတ်အနှောင့်အယှက်ဖြစ် ဖွယ် ကွေ့ကောက် ပြောနေသော်လည်း အမေရိကန်နိုင်ငံကို တိုက်ရိုက်ခြိမ်း ခြောက်နေသည့် သဘောထားများ ဖြစ်နေပါ၏။
အထက်ပါ လက္ခဏာရပ်များသည် ရှေးယခင်ကတည်းက  မြောက်ကိုရီးယားနိုင်ငံက အသုံးပြုလေ့ရှိသည့် နည်းနာနိဿယ အဟောင်းအမြင်းကြီးကို ယခု လူငယ်လေးကင်က ဆက်ခံရယူထားသည်မှာ သေချာပါ၏။
အမေရိကန်နိုင်ငံမှ မူဝါဒချမှတ်ရေး ပုဂ္ဂိုလ်များ၏ အဆိုအရ ရာစုနှစ်ထက်ဝက်ကျော် တသီးတသန့် ပိတ်ဆို့ထားသော နိုင်ငံတစ်ခု အနေနှင့် စီမံအုပ်ချုပ်ခဲ့သော သူ့ဖခင်၊ သူ့အဘိုးတို့ သုံးလေ့သုံးထရှိသည့် ပုံစံဟောင်းတစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။
ကင်၏ ဘေးပတ်ပတ်လည်၌လည်း မည်သို့မှ ခန့်မှန်း၍ မရလောက်သည့် အခြေအနေ အရပ်ရပ်က ပြည့်နှက်နေပါ၏။

 
မြောက်ကိုရီးယားခေါင်းဆောင်များအပေါ် အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများ၏ ထိုးဖောက် ဝင်ရောက်နိုင်မှုကလည်း အကန့် အသတ်သာ ရှိနေသည်။
ဝါရှင်တန်အစိုးရသည် ယခုထက်တိုင် အသက် ၃ဝ အရွယ် အစိမ်းသက်သက်သာရှိသေးသည့် နိုင်ငံခေါင်းဆောင်လေးကို မှတ်ကျောက်တင်ကြည့်ရန် အချက်အလက် ရှာဖွေနေရဆဲ ရှိပါသေး၏။

ဆည်းလည်း ဆွဲလဲ ( ဘာသာရေး အမေး၊ အဖြေများ )


မေး။    ။ အရှင်ဘုရား
      စေတီတော်တို့၏ ထီးတော်အောက်ဆုံးအဆင့် သံခွေ၌ ချိတ်ဆွဲပူဇော်ထားသော အသံသာယာစွာ မြည်တတ်သည့် အရာဝတ္ထုများကို အချို့က ခေါင်းလောင်း၊ အချို့က ဆွဲလဲဟု အငြင်းပွားလျက် ရှိကြပါသည်။ သို့ အတွက်ကြောင့် အမည်နာမ အမှန်ကို အငြင်းပွားသူတို့ စိတ်နှလုံးအေးလောက်အောင် ဖြေကြားပေးတော်မူပါဘုရား။

                                                         ဒကာတော်များ၊ အင်းမမြို့၊ မကွေးတိုင်း။




ဖြေ။    ။ “ခေါင်းလောင်းသံညည်း၊ ရွှေဆည်းလည်း၊ ချည်းချည်းသံလွင်လွင်” ဆိုသည့် အတိုင်း ခေါင်းလောင်းနှင့် ဆည်းလည်း ( ဆွဲလဲ ) သည် ပုံစံတူဖြစ်လျက် အကြီးအသေးသာ ကွာခြားပါသည်။ စေတီတော်တို့၏ ထီးတော်၌ ဆွဲထားသော ခေါင်းလောင်းငယ်ကို ခေါင်းလောင်းဟု မခေါ်၊ ဆည်းလည်း ဟုသာ ခေါ်ပါသည်။ တွဲလဲဆွဲသည် ဟူသော မြန်မာဝေါဟာရ စကားသံအတိုင်း အများအားဖြင့် ဆွဲလဲဟု ခေါ်ကြပါ၏။ မြန်မာ အဘိဓာန်တွင် “ဆည်းလည်း - န/ဆွဲလဲ/ ၁။ လေတိုက်လျှင် လှုပ်ခတ်ရန် ညောင်ရွက်ဆွဲ အဆန်ထည့်ထားသည့် ခေါင်းလောင်း ငယ် ( စေတီထီးတော်တွင် ဆွဲတပ်လေ့ရှိသည် ) “လေညင်းလာက၊ ပဉ္စင်္ဂလည်း၊ မြမြချည်းချည်း ၊ ရွှေဆည်းလည်းနှင့် ၊ နုရည်း မြူးကွန့်” ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် စေတီတော်တို့၌ ဆွဲထားသည့် ခေါင်းလောင်းငယ်ကို ခေါင်းလောင်းဟု မခေါ်၊ ဆည်းလည်း ( စကားသံဖြင့် ဆွဲလဲ ) ဟု ခေါ်ကြောင်း မှတ်သားထားသင့်ပါသည်။
ဆရာတော်  ဦးတိလောကဿရ
မြတ်မင်္ဂလာ ဘာသာရေးအမေးအဖြေများ

မဃဒေ၀လင်္ကာ ဆုံးမစာများ ( ၅ )


လောကီ ဓမ္မတာ၊ ပြည့်ရေးရာလည်း၊ ပြည်ရွာနီးရှက်၊ အိမ်နီးကြက်သို့၊ ကျက်ကျက်မကင်း၊ ယှိတက်လျှင်း၏၊ ကျွန်းချင်း, ကျေးချင်း၊ ဆင်မြင်းကညာ၊ ရတနာ တသီး၊ သားသမီးကြောင့်၊ ဆောင်းထီးနှစ်ဆူ၊ ရိပ်ဖြူနှစ်စင်း၊ နှစ်ပြည်မင်းတို့၊ မုန်းခြင်းတတည်၊ ချစ်ကြည်တချက်၊၊ ထိုးစစ်မက်နှင့်၊ ရန်ဘက်တခါ၊ ဆက်ပဏ္ဏာဖြင့်၊ သဟာဘ၀၊ ဖြစ်တက်စွာရှင့်၊ ဂုဏ ဒေါသ၊ နှစ်ဝကျိုးပြစ်၊ မုန်းချစ်နှစ်တန်၊ မမှန်ကိစ္စ၊ မကင်းကြဘူး၊ ပြည်ရွာ့ကြောင်းဟိတ်၊ မင်းတို့စိတ်လည်း၊ ရန်မိတ် လက္ခဏာ၊ မမြဲးရာတည့်၊ သူ့ရွာ သူ့ရပ်၊ နီးကပ်နေတည်၊ သူ့ပြည်တိုင်းခန်း၊ သူ့နယ်စွန်းကို၊ သုံ့ပန်းဆောင်လတ်၊ မောသော ခတ်၍၊ မပြတ်ရန်ရှာ၊ မပြုရာတည့်၊ လိမ္မာယုံကျွန်၊ နှလုံးမွန်ကို၊ တိုင်းစွန်ပြည်နား၊ ရာခန့်ထားမှ၊ အများသတ္တ၀ါ၊ ရချမ်းသာလိမ့်၊ ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖေါက်၊ ဖြတ်တောက် လိုရာ၊ ပြီးနိုင်စွာ၏၊ ပညာမသုံး၊ နှလုံးမပျောင်း၊ လက်ရုံးကောင်းကား၊ တကြောင်းမျှသာ၊ စူးပမာသို့၊ လိုရာကိစ္စ၊ များမကျတည့်၊ ဗလအားကိုး၊ မာနမိုးလျက်၊ မကျိုးမကျည်၊ လူပြောစည်နှင့်၊ မကြည်မမြတ်၊ တောက်ဆတ်ကားရား၊ ရန်စများ၍၊ မီးပွါးပမာ၊ ပြည်မသာဘူး၊ ရာဇာနှစ်မင်း၊ ပြည်ထောင်ချင်းလည်း၊ မကင်းကိစ္စ၊ ယှိကာလနှိုက်၊ ၀နရုက္ခ၊ တောစိုးစသည်၊ အညမညံ၊ ပင်ချင်းရံသို့၊ ဆက်ဆံတကွ၊ ကူညီရမှ၊ ဌာနအောင်ချာ၊ ပြည်ကြီးသာလိမ့်၊ မေတ္တာမဆက်၊ သစ္စာပျက်က၊ စစ်မက်လည်းပွါး၊ ပြည်ချောက်ချား၍၊ တိုင်းကားမသာ၊ ပြည်ကြီးနာလိမ့်၊ မေတ္တာ သစ္စာ၊ ဤနှစ်ဖြာကို၊ သေချာ ပိုင်းခြား၊ ၀မ်းဝယ်ထားလျက်၊ တရားကင်းဘိ၊ ပရိကပ္ပ၊ လိပ်စူဋ္ဌသို့၊ တွေ့သမျှ ယမ်း၊ ကျရာဖမ်း၍၊ ပရမ်းပတာ၊ ပြောတတ်စွာသည့်၊ သမ္မာမဲ့ငြား၊ သူ့စကားနှင့်၊ ချောစားဂုံးတိုက်၊ လူ့စရိုက်ကို၊ မလိုက်မနာ၊ တည်ကြည်စွာလော့၊ တောမှာ ကျီးငှက်၊ အိမ်မှာ ကြွက်သို့၊ သူပျက် သူလောင်၊ ပြည်ငြောင့်ကောင်လည်း၊ မရှောင် လုယက်၊ နိုင်အထက်ဖြင့်၊ ပျက်ပျက်စီးစီး၊ အချည်းနှီးအောင်၊ ဖျက်ဆီးမှုသာ၊ ပြုတတ်စွာ၏။ သမ္မာမကြိုက်၊ စရိုက်ယွင်းချော်၊ မအော် မအမ်း၊ အကျင့်သွမ်းနှင့်၊ ဟော့ရမ်းယုတ်မာ၊ မိစ္ဆာလူမျိုး၊ မိုက်အားကိုးတို့၊ မိုက်ဆိုးမိုက်ရဲ၊ မိုက်မိုးကဲ၍။   ပြည်ထဲ မမွှေရစ်စေနှင့်။။

❁ မန်လည်ဆရာတော်ဘုရားကြီး ❁
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း


Wednesday, May 1, 2013

မေးခွန်းများ

 

ဖန်ဆင်းရှင်မှာ အမေရှိလား
စကြဋ္ဌာမှာ မှန်ပြောင်းရှိလား
အချိန်မှာ နာရီရှိလား
မိုင်းမှာ ကြောင်လိမ်လှေကားရှိလား
လောကပါလတရားမှာ ချိန်ခွင်ရှိလား
ကောင်းကင်မှာ ခေါင်မိုးရှိလား
တောင်တန်းတွေမှာ အိပ်ယာရှိလား
ပင်လယ်မှာ ရေတွင်းရှိလား
မြစ်တွေမှာ အတောင်ပံရှိလား
ပန်းပွင့်တွေမှာ အသားအရောင်ခွဲခြားမှုရှိလား
ဘ၀မှာ ခရီးသွားမြေပုံရှိလား
မျှော်လင့်ခြင်းမှာ သန္ဓေတားဆေးရှိလား   
သေခြင်းတရားမှာ မွေးနေ့ရှိလား
မေးခွန်းများမှာ အဖြေရှိသလား ..။

သစ္စာနီ

အသိခက်သူ



နေသာသည့်ခိုက်၊ နေနှင့်လိုက်ကာ
နေ့၌ ပျော်တတ်လေသူခင်..။
လသာသည့်ခိုက်၊ လနှင့်လိုက်ကာ
ည၌ မွေ့တတ်လေသူခင်..။
ညမှာလည်းမွေ့၊ နေ့မှာလည်းပျော်
သြော်.. အသိခက်၊ မျက်နှာထွေပြား
များတတ်လေသူ..
မိုးစွေသည့်နေ့၊ နေမတွေ့လျှင်
လကွယ်ညမှာ၊ လ မသာလျှင်
ညလည်းမမွေ့ နေ့လည်းမခင်
ပြင်ပြင်စိမ်းကား၊ မထောက်ထားတတ်
အားလုံးမုန်းမေ့နိုင်ပြန်သည်။

မောင်စိန်ဝင်း ( ပုတီးကုန်း )

ကျောင်း


ဘာသာတရား လိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက် ( အပိုင်း - ၄ )


 ကောဋ္ဌိကသုတ် အနှစ်ချုပ်

    သာဝတ္တိပြည်မှာ ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာကောဋ္ဌိကတို့ နှစ်ပါး ဆုံတွေ့ ကြတဲ့အခါ ရှင်မဟာကောဋ္ဌိက က မေးခွန်းတွေ မေးလေ့ရှိတယ်။ “ မြတ်စွာဘုရား အထံမှာ ဗြဟ္မစရိယ ဆိုတဲ့ မြတ်သောအကျင့်ကို ကျင့်တာ ဘာအတွက် ကျင့်တာလဲ” ဆိုတဲ့ မေးခွန်းပဲ။ အဲဒီ ဗြဟ္မစရိယဆိုတဲ့ အသုံးကို ဘုန်းကြီးတို့က ဒီခေတ် နားလည် လွယ်အောင် “ဘာသာတရား လိုက်နာ ကျင့်သုံးခြင်း” လို့ ပြင်ဆင်သုံးလိုက်တယ်။ မြတ်စွာဘုရားရဲ့  အဆုံးအမ ဖြစ်တဲ့ ဘာသာတရား။ အဲဒီ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်းဟာ “ဗြဟ္မစရိယ” အကျင့်ကို ကျင့်ခြင်း ဖြစ်တယ်။ ဘုရားဟောတဲ့ အတိုင်း၊ ဆုံးမတဲ့အတိုင်း လိုက်နာကျင့်သုံးတာ။

    အဲဒီလို လိုက်နာကျင့်သုံးခြင်းဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ လိုက်နာကျင့်သုံးတာလဲ ဆိုတာကို ရှင်းလင်း ဖော်ပြတယ်။ ထားရမယ့် ရည်ရွယ်ချက်တွေ၊ မထားရမယ့် ရည်ရွယ်ချက်တွေ၊ ပေါ်လွင် ထင်ရှား လာအောင် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို တင်ပေးတဲ့ မေးခွန်းတွေကို မေးပြီး ရှင်းသာရိပုတ္တရာ မထေရ်မြတ်က အဖြေပေးတဲ့ သုတ္တာန်ပဲပေါ့။

    ရှင်မဟာကောဋ္ဌိက က မေးတယ်။ “အရှင် သာရိပုတ္တရာတဲ့ မြတ်စွာဘုရားထံ မြတ်သော အကျင့်ကို လိုက်နာ ကျင့်သုံးပြီး နေထိုင်တာဟာ ဘာအတွက်လဲ၊ ကံတရားတွေကို အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကို ကျင့်သုံး တာလား” တဲ့။
    စဉ်းစားကြည့်နော်။ အခုခေတ် တချို့ဘာသာတရား လိုက်နာကျင့်သုံးတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ကံတရားတွေ ကို အပြောင်းအလဲ လုပ်ချင်လို့ ကျင့်သုံးတာ ဖြစ်နေကြတယ်။ မကောင်းတဲ့ အကုသိုလ်တွေက လွှတ်အောင် confession လုပ်ကြတယ်။ ဒီလိုဆို သူတို့ ဘာသာတရား လိုက်နာကျင့်သုံးခြင်းဟာ မကောင်းတဲ့ အကုသိုလ်တွေ ကို ကောင်းမှု ဖြစ်အောင် ပြောင်းပစ်တာပဲလေ။ အကုသိုလ်က လွတ်မြောက်သွားတယ်။ confession လုပ် လိုက်တာ နဲ့ ကုသိုလ် ဖြစ်သွားတယ်။ အဲဒီအတွက် ကျင့်သုံးတာလား .. ဒီ မေးခွန်းမျိုးတွေ မေးတာ။

Tuesday, April 30, 2013

လပြည့်ဝန်း


 


လပြည့်ဝန်း
ချစ်စရာ နောင်တစ်နေ့တွင်ဖြင့်
တွေ့ဦးမည် ရည်ကာရော်လို့
မျှော်တိုင်းသာ ယော်ကာယမ်းမိရဲ့ 
ဝန်းလပြည့် ရွှန်းစိုစို..။


ဖြူလို့ဖွေးပါဘိ
ငွေသွေး ငွေစန္ဒော်က
ရွေရံတော် ကြယ်ကလေ့တွေနဲ့
အာကာပြင် ကျယ်သရွေ့မှာလ
သိမ်မွေ့စွာ ညီလာခံတော့
သူ့တမန် ရောင်ခြည်အေးဆီက
တေးစိမ့်၍ယို..။


သူ့စက်တွင်း
ခြေရင်းမှာ ယုန်ဖြူဆွတ်ကယ်နဲ့
ဆန်ဖွယ်သည့် အဖိုးအိုငယ်
ဆိုလေရော့သလား..။


ငိုင်လို့ငေးမိရဲ့ 
သည်တေး အသံသာလှချည့်
တို့ဆေး အမှန်ပါရော့ထင့်
ဈာန်သမာ ထေရ်ရဟန်းကဲ့သို့
လေဖျန်းရာ ဇော်ဖေပျံ၍
ဘော်ငွေလျှံ ချိုချိုသောက်ကာပါ့
ရောက်ချင်ရာ နယ်တ၀န်းဆီသို့
ယွန်းခဲ့ပြီတကား…။

ဇော်ဂျီ
ဝံသယုဝ မဂ္ဂဇင်း၊ ၁၉၃၃ ။
 

≈ ရေဆန်လမ်း ♫

အနေနီးတိုင်းလည်း အနီးနေမဟုတ်




လောကမှာ ဘယ်သူမဆို
ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူ၊
ကိုယ်ကြည်ညို လေးစားတဲ့သူနဲ့
အနေနီးချင်ကြတဲ့ သူတွေချည်းပါပဲ
ဘယ်သူမှ အနေမဝေးချင်ကြပါဘူး။

ဒါပေမဲ့ ကံတရားစတဲ့ အကြောင်းတရား အမျိုးမျိုးကြောင့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူ၊
ကိုယ်ကြည်ညို လေးစားတဲ့သူတွေနဲ့ အနေဝေးရတဲ့ အဖြစ်မျိုးတွေလည်း ကြုံရတတ်ပါတယ်။

ခေတ္တခဏ အနေဝေးတာမျိုးလည်းရှိတယ်။
အကြာကြီး အနေဝေးတာမျိုးလည်းရှိတယ်။
တစ်သက်တာလုံး ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့
ဝေးခြင်းမျိုးနဲ့ ထာဝရအနေ ဝေးတာမျိုးလည်းရှိပါတယ်။

“လူချင်း”အနေဝေးပေမယ့် “စိတ်ချင်း” အနေမဝေးရင်
အဝေးနေတယ်လို့ မခေါ်နိုင်တော့ပါဘူး။

 အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Monday, April 29, 2013

အချစ်နဲ့ကိစ္စ

 


ဘူတာရုံကလေးက
ရထားကို အချစ်နဲ့စောင့်တယ် ..။

လောင်စာမောင်းနှင်တွန်းအား အချစ်စိတ်က
ဘူတာရုံကလေးဆီ ရထားကို မောင်းဝင်လာခဲ့ ..။

လူ့နှလုံးသား တစုံရဲ့ အချစ်တွေ
ဘူတာရုံ.. ရထား.. ချစ်သူနှစ်ဦး..
ကမ္ဘာမြေရဲ့ သက်ရှိပန်းချီကားတချပ် ..။
အဲဒါ ရိုးမသွားနိုင်တဲ့ အချစ်တွေ ..။

ကမာပုလဲ

♫ တကယ်လို့များ ..

နမ့်ဆန် ( ရှမ်း / မြောက် )


သေရည်သောက်သူနှင့် ရောင်းသူ ( ဘာသာရေး အမေး၊ အဖြေများ )









မေး။    ။ အရှင်ဘုရား
       တပည့်တော်သည် သေရည်သေရက် သောက်သူများနှင့် သေရည်သေရက်ဆိုင်များ အများအပြား တွေ့ခဲ့ဖူး ပါသည်။ သေရည်သေရက် သောက်သူများ သူရာမေရယကံ ထိုက်သည်ဆိုတာကတော့ စာပေများ ၌ တွေ့ဖူး ပါသည် ဘုရား။ သေရည်သေရက် ရောင်းသူများမှာမူ အဘယ်ကံထိုက်၍ မည်သို့သောအပြစ်များ ရပါသလဲ ဘုရား။ တပည့်တော် မရှင်းမလင်း ဖြစ်နေပါ၍ ဖြေကြားပေးစေချင်ပါသည်။ ဘုရား။
ရဲဝင်းနိုင်၊ မလှိုင်မြို့နယ်၊ မန္တလေးတိုင်း။

ဖြေ။    ။ ဗုဒ္ဓစာပေများတွင် ဥပါသကာတို့ မရောင်းရသော ကုန်ငါးပါးဟူ၍ ရှိပါသည်။ ယင်းတို့မှာ -
( ၁ ) လက်နက်ရောင်းခြင်း
( ၂ ) လူကို ရောင်းခြင်း
( ၃ ) ကြက်၊ ၀က် စသော ရောင်းခြင်း
( ၄ ) အရက် စသော ယစ်မျိုး ရောင်းခြင်း
(  ၅ ) အဆိပ်ရောင်းခြင်း      စသော ကုန် ၅ - မျိုး ကို ရောင်းချ၍ စီးပွားရှာသူများမှာ ဥပါသကာဂုဏ် ပျက်ယွင်း၍ အကုသိုလ် အမြဲတိုးပွားနေသူများ ဖြစ်ကြသည်။ သူတော်ကောင်းစာရင်းမှ ပယ်ဖျက်ခံရသူများဖြစ်၍ ထိုကုန် ငါးမျိုးဖြင့် စီးပွားရှာသူများအား ရပ်မိရပ်ဖ၊ လူကြီးမိဘ စသည့် နေရာများ၊ ရွေးကောက်ပွဲများမှ အပယ်ခံ ကြရ ပါသည်။

ဆရာတော် ဦးတိလောကဿရ
မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ

Sunday, April 28, 2013

ချစ်သူကဗျာ




လမ်းခုလတ်မှာ
ရပ်ပြီးငိုင်တွေ ထိုင်နေကောင်းသာ
ထသွားငိုင်ဆွေး အလွမ်းလေးတွေ
တန်းစီနေပြီ တိမ်ဆီကြည့်ငေး
ဟိုအဝေးမှာ အပြေးသူနှင့်
ဆန့်ကျင်ရာဘက် ခရီးထွက်သလား
လက်ကမ်းမလို လက်ကိုကာလျက်
စကားဝှက်မလား ရှက်သွေးရောင်လွှမ်း
ပန်းနုမျက်နှာ အပြေးလာမလား
အတွေးဗျာများ စာသားနရွ
စာလုံးလှတို့ ရုန်းကြွပေါက်ကွဲ
လေထုထဲ၌ အသည်း ဖျားနာ
လွဲသွားတာလား ခွဲသွားတာလား
စာအိတ်ထဲပျံ့  စံပယ်နံ့တွေ
မဟန့်မတား သွားကြသူ့ထံ
ပျံကြသူ့ဆီ ညီကြခြေလှမ်း
တောင်တန်းကိုကျော် ပင်လယ်ပေါ်ဖြတ်
ကမ္ဘာပတ်လမ်း ဖြတ်သန်းဝင်ရောက်
တံခါးခေါက်ပြီး
သူကြားလောက်အောင် ပြောလှည့်နော်..။

မောင်မောက် [ ဥက္ကလာ ]

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>