2 3 4 5 6 7 8 9 10

Friday, May 17, 2013

အလှူဒါန ( ဘာသာရေး အမေး၊ အဖြေများ )


မေး။    ။ အရှင်ဘုရား
      အလှူဒါနကို စေတနာသုံးတန်ဖြင့် အချိန်အခါမရွေး ကြုံလျှင် ကြုံသလို တွေ့လျှင်တွေ့သလို မည်သည့် ပုဂ္ဂိုလ်ကို မဆို လှူဒါန်းခြင်းထက် အကျင့်သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့ကို ရွေးချယ်ပြီးမှ လှူဒါန်းခြင်းတို့တွင် မည်သည့် လှူဒါန်း ခြင်း မျိုးက ပိုပြီးမြတ်၊ ပိုပြီး ကုသိုလ် ရပါသလဲ ဘုရား ၊ ဖြေကြားပေးတော်မူပါ ဘုရား။
ဦးခင်မောင်သန်း၊ ရန်ကုန်။


ဖြေ။    ။ သာသနာတော်တွင်း၌ လဇ္ဇီပေသလ သိက္ခာကာမဖြစ်သော အလှူခံပုဂ္ဂိုလ်တို့ကို ရွေးချယ်လှူဒါန်းခြင်းမှာ သာသနာပြု ဒါန ဖြစ်၍ မြတ်သည်ဟု ဆိုနိုင်ပါသည်။ သို့သော် ဘုရားအလောင်းတော်တို့ ဒါန ပါရမီအရာ၌ မိမိ၏ စိတ် စေတနာကိုသာ ပဓာနထား၍ အလှူခံပုဂ္ဂိုလ်၊ အလှူပစ္စည်းတို့ကို ရွေးချယ်မနေဘဲ အခြေအနေအရ လာသမျှ ပုဂ္ဂိုလ်၊ လိုသမျှ ပစ္စည်းတို့ကို ပေးလှူခြင်း၊ အယုတ်အလတ် အမြတ်မရွေး ပေးကမ်းခြင်းတို့ကိုလည်း ကုသိုလ် မရဟု မဆိုနိုင်ပါ။ သာသနာအပ အခါ၌ ဇူဇကာလို ဒုဿီလ ပုဂ္ဂိုလ်များကိုပင်လည်း မယား၊ သား၊ သမီးတို့ကို လှူဒါန်းနိုင်သော ဒါန ပါရမီကို ပြုနိုင်မှသာ ပါရမီစိတ်ထား ဖြစ်နိုင်ကြောင်း စဉ်းစား၍ တရားသဘောအရ သင့်လျော်သလို နှလုံးသွင်းနိုင်ရန် အရေးကြီး လှပါသည်။

ဆရာတော်ဦးတိလောကဿရ
မြတ်မင်္ဂလာဘာသာရေး အမေးအဖြေများ

Thursday, May 16, 2013

မဃဒေ၀လင်္ကာ ဆုံးမစာများ ( ၈ )


 

သမ္မာအစဉ်၊ ဉာဏ်ဖြင့်ယှဉ်၍၊ ကတညုတာ၊ မင်္ဂလာဓမ္မ၊ မချွတ်ရဘူး၊ ထိုမှတုံပြီး၊ နည်းမှန်သိလော့၊ မျက်စိမြင်သူ၊ ကန်းသော လူကို၊ ဆောင်ယူမြဲသာ၊ ထို့ပမာသို့၊ ဥစ္စာယှိ မဲ့၊ ဉာဏ်ဟဲ့ ဉာဏ်ပါး၊ အားကြီး အားငယ်၊ လူတို့ဝယ်လည်း ၊ မပယ်အပ်စွ၊  ဣဿရဖြင့်၊ စိုးရသူကား၊ ဆင်းရဲသားကို၊ သနား ချီးမြှောက် ၊ စောင့်ရှောက် အပ်ရာ၊ လူ့တန်ထွာတည့် ၊ ဥစ္စာဘောဂ၊ ဣဿရနှင့်၊ ဗလပညာ၊ ယှိပါတုံမူ၊ မိုက်သောသူတို့၊ ကလူနိုင်ထက် ၊ နှိပ်စက်သောအား၊ သူတပါးကို၊ ပစ်မှားမညှာ၊ ပြုတတ်စွာ၏၊ ပညာမြင်ကြား၊ ယှိပါငြားလည်း၊ တရားအလွတ်၊ စကားတွတ်လျက်၊  ယုတ်မြတ်ပုဂ္ဂိုလ်၊ လူထိုထိုအား၊ အလိုမိုက်ဆိုး၊ မာနကိုး၍၊ လွှမ်းမိုးနှုတ်လျှာ၊ ပြောတတ်စွာမူ၊ ထိုပညာရှိ၊ မိမိအတက်၊ ကိုယ်ကို သတ်၏၊ ပရိသတ်ခွင်၊ သဘင်လွှတ်ရုံး၊ မသုံးနိုင်ထ၊ ၀ိုင်းပယ်ကြလိမ့်၊ သဇ္ဇန လက္ခဏာ၊ မဟူရာဘူး၊ ဓမ္မတာလူ့ဝတ်၊ မညီညွတ်ဘဲ၊ ချွတ်ကအဟုတ်၊ တရားပြုတ်သော်၊ သူယုတ်သူမာ၊ မည်စ ပါရှင့်၊ ငါတို့မင်းမျိုး၊ ကိုယ့်အကျိုးထက်၊ ပြည်ကျိုးကိုသာ၊ ပြုတတ်စွာ၏၊ ပြည်ရွာကိစ္စ၊ ဆောင်တတ်ကြမှ၊ အ၀ုတ္တနည်း ၊ ကိုယ်လည်းတက်ဖြိုး၊ ဘုန်းရှိန်တိုး၍၊ တန်ခိုးတေဇာ၊ ကြီးပွားရာ၏၊ သစ္စာဟူငြား၊ မှန်တရားလည်း တိမ်းပါးမယှိ၊ မြဲစေဘိလော့၊ တောင်ရှိမပြို၊ မယိမ်းယိုနှင့်၊ ဖရိုဖရဲ၊ မဟူဘဲလျှင်၊ ဆိုခဲ မိန့်ခဲ၊ မလွှဲမလက်၊ သိကြား ဖျက်စေ၊ မပျက်မစီး၊ စက်နှယ်လှီး၍၊ ထွက်ပြီးဆင်စွယ်၊ နေသဖွယ်ဖြင့်၊ အကယ်မယွင်း၊ မြဲစေခြင်းနှင့်၊ မင်းတို့ စကား ၊ မိုးကြိုးသွားသို့၊ မခြားမှန်စွာ၊ စံတည်ရာ၏၊ ရံခါတစိ၊ အရေးယှိက၊ က၀ိရာဇာ၊ ၀ါနရိန္ဒ၊ သေနကတို့၊ လုံ့လ မပေါ့၊ မမေ့လျော့ဘဲ၊ မလျှော့စိတ်ဝယ်၊ ကြံသောနှယ်သို့၊ ဥပါယ်တမျဉ်၊ သမ္ပဇဉ်နှင့်၊ ဉာဏ်ယှဉ်ကြီးစွာ၊ ကြံစည်ရာ၏ ၊ ပညာရှေ့ထား၊ လုံ့လအားဖြင့်၊ ဉာဏ်သွားမပေ၊ ထက်မြက်စေလော့၊ ရေမြေ့သနင်း၊ မင်းတို့ရွှေဘုန်း၊ မိုးသို့ ချုန်း၏၊ လူပုန်းတောမှာ၊ မနေသာဟု၊ စဉ်လာလူဗိုလ်၊ ဥဒါန်းဆိုတိုင်း၊ သားညိုပုလဲ့၊ မြေတုန်ချဲ့မျှ၊ မနဲ့မနုန့်၊ မင်းတို့ဘုန်းဖြင့်၊ ဂဋ္ဌုန်တောင်သံ၊ နဂါးယွံသို့၊ ကြောက်ရွံရန်မျိုး၊ ညွတ်ညွတ်ကျိုး၍၊ ပုန်းလျှိုး ငုပ်ထွေ ၊ ပျောက် ပျက်စေလော့ ၊ ရေ၀ယ်နေရှောင်း၊ ငါးလိပ်ပေါင်းကို၊ မိကျောင်းဆိုးကျယ်၊ ကဲ့သဖွယ်သို့၊ လူဝယ်မသွေ၊ ယှိတက်ချေ၏ ၊ လူပွေလူနောက်၊ ဘောက်သောက်လူစား၊ လူလျှပ်ဝါးတို့၊ သော်ကားမော်ကား၊ ကျင့်ရမ်းကားလျက် ၊ ချောက်ချားကဲမိုး၊ မိုက်မာန်ကိုး၍၊ မဆိုး မတေ ရစ်စေနှင့်။

မန်လည်ဆရာတော်ဘုရားကြီး 
မဟာသုတကာရီ မဃဒေ၀လင်္ကာသစ် ပုတ္တောဝါဒခဏ်း

Wednesday, May 15, 2013

Storm in Ocean

မန်လည်မှအပြန်



 

မန်လည်ရွာ  သည်တစ်ခေါက်
အရောက်ဖြင့် လာခဲ့ပြီ..။
ဆည်ရွာ  ဆို  ဘူတာမှ
နှစ်မိုင်မျှ လျှောက်ရသည်
မဲဇာ ဆို တောမြက်မည်းမှာဖြင့်
နှင်းသည်းသည်း မှုန်ဝေရီ
ကျနှင်းရည် အတော်ပြင်း..။
အရှေ့ဆီ မဲဇာဘက်မှာ
လက်ဝဲသုန် အမတ်ကြီးရယ်က
မိုးသည်းထန် ဆီးနှင်းပေါက်တွေလို့
ရွေးကောက်ကာ သည်လိုရေးပုံဖြင့်
တွေးမိသော် မယုံလှပေဘု
ပြေးကြည့်ကာ ကြုံလေကြမှ
လုံးဝအမြင်ရှင်း..။

အဖွဲ့စုံ စကားကောင်းနေခိုက်
မန်လည်ကျောင်း ရောက်ခဲ့ပြီ
အတွင်းဝင်မည်။
ရုပ်ကလာပ် ရွှေချသည်
မန်လည်ဆရာတော်ကြီး။
နှစ်ပေါင်းကြာမပုပ်သိုးခဲ့
စံကျောင်းတော် အသရေတိုးပါဘိ
တန်ခိုးဂုဏ်ဟည်း..။
ကျောင်းတော်ကြီး တစ်ဆောင်မှာ
ပမာလျှင် ပြတိုက်အလား။
သုတအဖုံဖုံနဲ့
ပန်းချီပုံ ဓာတ်ပုံများရယ်က
ထူးခြားပုံများ။
တို့ဘာသာ ဖိနှိပ်တဲ့
အင်္ဂလိပ်မင်းလက်ထက်မှာ
ကမ္ဘာပင်ကျော်ကြား။
ပတ္တမြားရည်လို
စံတုမမီတဲ့
ဇာနည်မော် ပုဂ္ဂိုလ်ထူးရယ်
စူးရောက်မြင့်မား..။
မန်လည်ကအပြန်မှာ
ဘာကျန်ခဲ့သလဲ..။



မေးပါနဲ့လေ
အတွေးတွေ ဖြာဖြာဝေခဲ့
ကမ္ဘာမြေ အကုန်မသိနိုင်လည်း
ဆရာတော်ဂုဏ် မြင်းမိုရ်တရှိရယ်နဲ့
စာပေဂုဏ် အနှစ်စုံပြည့်ကို
ဒကာတို့မှာလေ
မိုးထိတင်မြဲ..။

မိုးနောင် ( ကောလင်း )

                                                    ကမ္ဘာသစ် မြန်မာ Fan Page

Tuesday, May 14, 2013

ဒီမိုကရေစီ၏ သွင်ပြင်လက္ခဏာများ



     ဒီမိုကရေစီနိုင်ငံ သို့မဟုတ် ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်ရန်အတွက် မည်သည့်အချက်များနှင့် ကိုက်ညီရန် လိုအပ်သနည်း ဟူသည်ကို နိုင်ငံတကာရှိ ပြည်သူများ စဉ်းစားကြ၊ ထုတ်ဖော်တင်ပြကြ၊ အတည်ပြု သတ်မှတ် ကြသည်။ အချို့က သည်အချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲ သို့မဟုတ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း ချက် များထဲမှာပင် တစ်ပါတည်း ထည့်သွင်းကြသည်။
    တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည် ပကတိအခြေအနေနှင့် ဖြတ်သန်းခဲ့သော ရာဇ၀င်တို့ မတူညီသည့်အလျောက် ဒီမိုကရေစီဟု ဆိုကြသည့် နိုင်ငံချင်း အတူတူမှာပင် ဦးစားပေးအလေးထားမှုများ မတူညီကြသော်လည်း မည်သည့် အရာများသည်ကား ဒီမိုကရေးစီအတွက် ရှိသင့်ရှိအပ်သော အခြေခံမူများ ဖြစ်သည်ဟု မှတ်ယူကြရာ၌ကား ကွဲလွဲမှု မရှိကြပေ။

( ၁ ) နိုင်ငံသားတို့ ပါဝင်ဆောင်ရွက်မှု ( citizen participation )
    ဒီမိုကရေစီ နိုင်ငံဖြစ်ကြောင်းဖော်ပြသည့် သိသာထင်ရှားသော လက္ခဏာ တစ်ခုကား နိုင်ငံရေး စီမံခန့်ခွဲမှု တွင် နိုင်ငံသားတို့ ပါဝင်ကြခြင်း ဖြစ်၏။ နိုင်ငံရေးရာ၌ ပါဝင်ဆောင်ရွက်ခြင်းသည် နိုင်ငံသားတို့အတွက် ရပိုင်ခွင့် သာမဟုတ်။ တာဝန်လည်း ဖြစ်၏။ နိုင်ငံသားပါဝင်မှုဆိုင်ရာ၌ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ၊ ရွေးကောက် ပွဲတွင် မဲပေးခြင်း၊ နိုင်ငံရေးရာများကို သိရှိအောင်လေ့လာမှတ်သားခြင်း၊ ပြဿနာ များကို ဆွေးနွေးဝေဖန်ခြင်း ၊ ရပ်ရွာပြည်သူ့စည်းဝေးပွဲများ သို့ တက်ရောက်ခြင်း၊ အသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက် ခြင်း၊ အကောက်ခွန်များပေးဆောင်ခြင်း၊ လိုအပ်သည့်အခါ မိမိသဘောဆန္ဒကို တင်ပြတောင်းဆို ခြင်း စသည့် အသွင်သဏ္ဌာန်မျိုးစံတို့ အကျုံးဝင်သည်။

Monday, May 13, 2013

♫ .. ရည်ရွယ်သူ

လေလှိုင်းထဲက တူတူရေ၀ါး ( မောင်သာချို )



    တောင်လေကလေးတိုက်၍ မိုးကလေး တစ်ဖြိုက်နှစ်ဖြိုက် ရွာချလိုက်ပြီးသည့်သကာလ မြေသင်းရနံ့ သင်းပျံ့ပျံ့ ချိန်ခါ၌ ဤဤထိုထို မဟာပထ၀ီမြေပေါ်၌ ရှည်ရှည်တိုတို မိုးဦးကျမှုတို့ ထွက်ပြူ၍ လာကြသည်ကို သပ္ပူရိသ အနွယ်ဝင် စာဖတ်သူ သူတော်စင်တို့ တွေ့မြင်ဖူးကြအံ့လတ္တံဟု ကျွန်ုပ် ထင်မြင်ယူဆမိပါ၏။
    ယခုပစ္စက္ခမျက်မှောက် အခြေအနေသည်ကား ၎င်းမိုးဦးကျ မှိုတို့ ထွက်ပြူလာသည့် အတိုင်းပင်လျှင် ဖြစ်ပါ၏။ Media တဲ့။ ဟုတ်ပါ၏။ မီဒီယာ။ လူထုဆက်သွယ်ရေး လုပ်ငန်းကြီးတို့ ထွက်ပြူလာလိုက်ကြသည်မှာ ၎င်းမိုးဦးမှိုပွင့်များနှယ် ။ ဟိုတစ်ပွင့် သည်တစ်ပွင့် စွင့်စွင့်မြူးမြူး ဖူးဖူးဝေေ၀ သာပင် ဖြစ်တော့ချေသည် တမုံ့။
    မဂ္ဂဇင်းဂျာနယ် ဘုတ်အုပ်တွေ ပလူပျံသလို ထွက်လာကြကုန်၏။ ရုပ်မြင်သံကြားလိုင်းတွေ လိုင်းတွေ တစ်ခုပြီး တစ်ခု၊ ၎င်းအပြင် FM တဲ့။ ဟိုကလည်း FM ၊ သည်ကလည်း FM ၊ ကောင်းပါ၏။ FM တို့ များလေလေ နားသောတ ဆင်စရာတွေ များလေလေပဲပေါ့။ ဖိလစ်ပိုင်လို နိုင်ငံမျိုးမှာပင်လျှင် FM လိုင်း ၈၀၀ ကျော်ရှိသည်ဟု ဆိုချေသည် မဟုတ်တုံသလော။
    အနို့ကလို မီဒီယာတို့ ဖွံ့ထွားလာသောအခါ လုပ်ငန်းကိုင်ငန်း အသစ်ကလေးတွေကလည်း ဖွံ့ထွားဝေလွင်၍ လာဘိပြန်ပါ၏။ ရပိုတာ ( Reporter ) ဟူ၏။ အနောင်ဇာ ( Announcer ) ဟူ၏။ ပရီဇင်တာ ( Persenter ) ဟူ၏။ အင်တာဗျူးဝါ ( Interviewer ) ဟူ၏။ ကောင်းလေစွတကား။

Sunday, May 12, 2013

♪ ကောင်းကင်မေမေ.. ☁

အမေသို့ ..





အမေက မှာတယ်
ကားမစီးရဲလို့ သားကြီးပဲလာခဲ့ပါတဲ့..
သဲချောင်းတစ်လျှောက်
လှည်းမောင်းလို့ရောက်ရင်
တစ်ခေါက်လောက် လာချင်သားတဲ့..
ထန်းမြစ်က တစ်တွဲ နှစ်တွဲ
ပဲနီက တစ်ပြည် နှစ်ပြည်
ပုံးရည်က တစ်အိုး နှစ်အိုး
တန်ဖိုးမရှိပေမယ့်
လှည်းလာရင် တင်ခဲ့မတဲ့..
နေပါတော့ အမေ
ကားမစီးရဲတော့
သားကြီးပဲ ပြန်ခဲ့ပါ့မယ်..
နွားညီနောင် လှည်းတပ်လို့
တောစပ်ကသာ ကြိုပါတော့…။

မြ၀င်း ( ဒဿန )

အမေ့အိမ်

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>